နေပြည်တော် ၆  ဧပြီ

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဘုရားသုံးဆူတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ထိုင်တော်မူ ဂေါတမမြတ်စွာဘုရားကြီး၏ ဌာပနာတော် သွင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဘုရားသုံးဆူတောင်ပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဆရာတော် ဦးပဏ္ဍိစ္စထံမှ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ၍ သံဃာတော်များက ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

 

ထို့နောက် ဆရာတော်  ဘဒ္ဒန္တတေဇဝန္တက ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များသည် ဌာပနာတော်များကို ပင့်ဆောင်ကာ ထိုင်တော်မူ ဂေါတမ ရုပ်ပွားတော်မြတ်ကြီးကို လက်ယာရစ် (၃) ပတ် လှည့်လည်ပူဇော်ပြီး ဌာပနာတော်နှင့် ရတနာများ သွင်းလှူပူဇော်ခဲ့ကြသည်။

 

ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင် ထိုင်တော်မူ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားကြီးသည် ဘုရားသုံးဆူတောင်ပေါ်တွင် ယခင်နှစ်ပေါင်းများစွာက တည်ထားခဲ့ခြင်းဖြစ်ပြီး ဆရာတော်  ဘဒ္ဒန္တတေဇဝန္တက ဦးဆောင်ပြီး ပြန်လည်ပြုပြင်ကာ ဉာဏ်တော်အမြင့် ၂၅၅ ပေ ၆ လက်မ ရှိပြီး ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမရုပ်ပွားတော်ကြီးဖြစ်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)

 

1