မင်းတပ်  ၆  ဧပြီ

 

ချင်းပြည်နယ်(တောင်ပိုင်း) မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်ရှိ မကွီအိမ်နူးမြို့သစ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၆ ရက် နံနက်ပိုင်းက ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

အခမ်းအနားတွင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

mdn

 

ထို့နောက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောနှင့် တာဝန်ရှိသူများက မင်းတပ်မြို့နယ် မကွီအိမ်နူးမြို့သစ်ဖွင့်ပွဲ ကမ္ပည်းမော်ကွန်းကျောက်တိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။

 

mdn

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် နံနက် ၁၁ နာရီတွင် မကွီအိမ်နူးမြို့ အ.ထ.ကကျောင်းခန်းမ၌ ကျင်းပသည့် ပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကာ အမှာစကားပြောကြားပြီး မြို့မိမြို့ဖ ဦးမနားလိန်က ဒေသ၏လိုအပ်ချက်များကို တင်ပြသည်။ မကွီအိမ်နူးမြို့ မြို့မိမြို့ဖ ဦးထန်းဟုန်းရောင်က မြို့ဖွင့်ပွဲအထိမ်းအမှတ်အလံအား ဝန်ကြီးနှင့် အဖွဲ့အား အမှတ်တရပေးအပ်ခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ် ၃ သိန်းကို ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက မြို့မိမြို့ဖ ဦးမနားလိန်၏ တင်ပြချက်များကို ရှင်းလင်းပြောကြားပြီးနောက် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ယနေ့ဖွင့်လှစ်သော မကွီအိမ်နူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၄၁၀ဝ တွင်ရှိပြီး အိမ်ခြေ (၁၈၅) အိမ်၊ ရပ်ကွက် ၄ ရပ်ကွက်ရှိကာ လူဦးရေ ၁၁၈၇ ဦးရှိကြောင်း ခရိုင် (ပြန်/ဆက်)မှ သိရသည်။

 

MDN