ဖယ်ခုံ ၆ ဧပြီ
ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်း၍ ဖယ်ခုံမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသပေးခြင်း လုပ်ငန်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်က ဦးဆောင်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဖယ်ခုံမြို့နယ်အတွင်းရှိ အသက်(၃၀)နှစ်မှ (၅၀)နှစ်ကြား အိမ်ထောင်ရှင် အမျိုးသမီးများအား ဧပြီ ၆ ရက်နှင့် ၇ ရက်တို့တွင် စစ်ဆေးကုသခြင်း လုပ်ငန်းများနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့(ပထမနေ့)တွင် သာအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသပေးခြင်းကို တောင်ကြီးမြို့ မိခင်နှင့် ကလေးဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာဇော်မြင့်နိုင် ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ဝန်ထမ်းများက ပံ့ပိုးကူညီ၍ ညနေအထိ (၈၁၃)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဧပြီ ၇ ရက်တွင် ထပ်မံစစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသပေးခြင်းအတွက် စုစုပေါင်းအလှူငွေ ကျပ်(၁၅)သိန်း ပေးအပ်လှူဒါန်းသော ဖယ်ခုံမြို့မှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင်ကျင်းပရာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင်များကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)


