ရန်ကုန် ၆ ဧပြီ

 

ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီး၏ သောတပြည့်စုံစီမံချက်အရ ကလေးအယောက် ၁၀ဝ အား အောင်မြင်စွာ ခွဲစိတ်ပြီးစီးခြင်း အထိမ်းအမှတ်နှင့် အလှူရှင်များအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ပြည်လမ်းရှိ လိုတီဟိုတယ်၌ ကျင်းပခဲ့သည်။

 

ထိုသို့ကျင်းပရာတွင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက အနုမောဒနာတရား ဟောကြားပြီး သောတပြည့်စုံစီမံချက် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးစိုးတင်က သောတပြည့်စုံ စီမံချက်အကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆွံအနားမကြား ကလေးငယ်တစ်ဦး၏ ဘဝသရုပ်အကြောင်းကို ထပ်ဆင့်အကယ်ဒမီ ဦးဇင်ယော်မောင်မောင် ရိုက်ကူးတင်ပြထားသော မြူးကြွလာသည့် ဆည်းလည်းသံများ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။

 

ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ပီတိစကားပြောကြားပြီး ကလေးမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်များနှင့် ထူးခြားစွာ ကူညီသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

မြန်မာပြည်တွင် ကလေးအရှင် တစ်ထောင်မွေးတိုင်း ၆ ဦးခန့်သည် မွေးရာပါ (သို့) မွေးကင်းစ အချိန်ဖြစ်ပေါ်တတ်သော နားအတွင်းသို့ အောက်ဆီဂျင် မရောက်ခြင်း၊ အသားဝါရောဂါ၊ တီဘီရောဂါနှင့် အခြားရောဂါပိုးများကြောင့် နားလေးလာလျက်ရှိသည်ဟု သိရသည်။

 

ဝိတိုရိယဆေးရုံ ကျန်းမာရေး ထောက်ပံ့ကူညီစောင့်ရှောက်မှု ဖောင်ဒေးရှင်း၏ စီမံချက်တစ်ခုဖြစ်သော သောတပြည့်စုံ စီမံချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှစတင်၍ ဆရာတော် အရှင်ဆေကိန္ဒအမှူးပြုပြီး ပါမောက္ခဒေါက်တာဦးစိုးတင် ကိုယ်တိုင် မတည်၍ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် စေတနာရှင်များ၏ အလှူငွေများစုစည်းကာ ကံကြမ္မာဆိုးကမ္ဘာထဲမှာ ကလေးငယ်များကို ကယ်တင်လာခဲ့ရာ ယခုအခါ ကလေးငယ်ပေါင်း ၁၀ဝ ဦးကို အသံမဲ့ကမ္ဘာဆိုးမှ ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဖူးပြည့်၊ ဓာတ်ပုံ - ပေါ်ဦး

 

1