နေပြည်တော် ၆ ဧပြီ
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ကို ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၉) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒါးပိန်ဘက်ကမ်းရှိ တံတားတည်ဆောက်မည့် စီမံကိန်းနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အမှာစကားပြောကြားရာတွင် ယခုတည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (ဒါပိန်း- သပြု)ကို တိုင်းဒေသကြီး(၂)ခု၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ (၃)နှစ်တာ ကာလအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်ထောင်စုလမ်းမကြီး (၁၄၄)လမ်းတွင် ကွန်ကရစ်လမ်း (၃၃၃)မိုင်၊ ကတ္တရာလမ်း (၃၈၅)မိုင်၊ နိုင်လွန်ကတ္တရာလမ်း (၁၀၃၀)မိုင်တို့ကို အဆင့်မြှင့်တင် ဆောက်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လမ်းဦးစီးဌာနမှ လမ်းမိုင်ပေါင်း (၂၆၀ဝ၀) ကျော် ဖောက်လုပ်ထိန်းသိမ်းထားပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးတွင် လမ်းမိုင်(၆၄၅) မိုင်နှင့် (၁၃၃၆) မိုင် အသီးသီးဖောက်လုပ်ထားပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ပါဝင်သည့် အဓိကလမ်းမကြီးဖြစ်သည့် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-ပြည် လမ်းတို့ကိုလည်း BOT ကုမ္ပဏီများမှ (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပါကြောင်း။
သက္ကရာဇ် ၂၀၃၀ တွင် နိုင်ငံအတွင်းရှိ ကျေးရွာ အားလုံး၏(၈၀ ရာခိုင်နှုန်း)၊ ကျေးလက်နေပြည်သူ၏ (၉၀ ရာခိုင်နှုန်း)အတွက် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ ရရှိလာအောင် နှစ်စဉ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ကျေးလက်လမ်းများနှင့် တံတားများကိုလည်း အဆင့်မြှင့်တင်ပေးလျက် ရှိပါကြောင်း။
တံတားဦးစီးဌာနမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပေ(၁၈၀)နှင့် အထက် တံတားကြီး ပေါင်း(၅၆၀)ကျော် တည်ဆောက်ထိန်းသိမ်းထားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ဆဲ တံတားကြီးများအနေဖြင့် စစ်တောင်းတံတား (မြို့စိုး)၊ စစ်တောင်းတံတား (အုတ်ဖြတ်)၊ စစ်တောင်းတံတား (ရေတာရှည်)၊ ပဲခူးမြစ်တံတား(ကဝ)၊ ပဲခူးမြစ်တံတား (ကျွဲကူးဆိပ်)၊ ရွှေကျင် တံတား၊ ဝေါမြို့လယ်တံတား နှင့် ယခုတည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန် - သပြု) အပါအဝင် (၁၂)စင်း ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ပဲခူးမြစ်ကူးတံတား အမှတ်(၃)နှင့် ကိုရီးယားနိုင်ငံအစိုးရ၏ အကူအညီဖြင့် ရန်ကုန်နှင့် ဒလမြို့ကို ဆက်သွယ်မည့် ဒလတံတားကြီးကိုလည်း တည်ဆောက်လျက်ရှိပါကြောင်း။
ယနေ့ ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်မည့် ပဲခူးမြစ်ကူး (ဒါးပိန် - သပြု) တံတားသည် ရန်ကုန်တိုင်းဒေသကြီး၊ ဆားတလင်း - ဒါးပိန် - ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီး၊ သပြု - ရှမ်းကံ - ကဝလမ်းတို့ ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ရှိပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံများအနေဖြင့် တံတားတည်ဆောက်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လမ်းပန်းဆက်သွယ်ရေး တိုးတက်လာမှု အခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးအခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ဒေသဖွံ့ဖြိုးရေးအခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပဲခူးတိုင်းဒေသကြီး၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်နှင့် ဒေါက်တာမိုးမြင့်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်၊ ဦးလှသန်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ ဦးမျိုးခိုင်တို့က သတ်မှတ် ပန္နက်တော်နေရာများတွင် ပန္နက်တော်တင်တွင်းတော်ဝန်းပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ မင်္ဂလာပိုင်တိုင်အား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဦးဝင်းသိန်းတို့က Stand Pipe အား Vibro Hammer ဖြင့် စက်ခလုတ်နှိပ် ရိုက်သွင်းပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ပဲခူးမြစ်ကူးတံတား (ဒါးပိန် - သပြု) သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ကို ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး၊ တံတားအမျိုးအစားမှာ အောက်ထည်အုတ်မြစ်အဖြစ် သံကူကွန်ကရစ်ဘိုးပိုင်နှင့် အပေါ်ထည် သံကူကွန်ကရစ်ယက်မ၊ ကြိုတင်အားဖြည့်ကွန်ကရစ် ယက်မ၊ Steel Box Girder ပေါ်တွင် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားပြီး စုစုပေါင်းတံတားအရှည် (၁၀၅၀)ပေ၊ ယာဉ်သွားလမ်း အကျယ် (၂၈)ပေ ယာဉ်နှစ်လမ်းသွားနှင့် တံတား၏ ခံနိုင်ဝန်မှာ AASHTO HS-25-44 အဖြစ် ပုံစံထုတ် တည်ဆောက်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ Pan Pacific Hotel ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး၊ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူ လုပ်ငန်းလိုင်စင်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာလိုင်စင်ရ ကန်ထရိုက်တာအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ယင်းနောက် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ကုမ္ပဏီ(၃၂)ဖွဲ့မှ တာဝန်ရှိသူများအား စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူ လုပ်ငန်းလိုင်စင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြောင်း သိရသည်။
(သတင်းစဉ်)


