မန္တလေး  ၇  ဧပြီ

 

ပြည်သူ့ဂုဏ်ရည်အသင်းက ရွေးချယ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရရှိခဲ့ကြောင်း အဆိုပါကော်မတီမှ သိရသည်။

 

ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ဧပြီလ ၆ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုပေးပွဲသည် ၁၀ ကြိမ်မြောက်ကျင်းပသည့် ဆုပေးပွဲဖြစ်ပြီး ယခုအကြိမ်သည် အစိုးရအဖွဲ့အစည်းကို ပထမဆုံးပေးသည့်ဆုဖြစ်ကြောင်း သိရသည်။

 

‘ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်တဲ့ အဖွဲ့အစည်းကလည်းပြောတယ်။ အစိုးရရုံး ၊ ဌာနကို ပထမဆုံး ချီးမြှင့်တာလေ။ မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကော်မတီရော ဝန်ထမ်းတွေရော ပူးပေါင်းဆောင်ရွက်တဲ့ အသီးအပွင့်တစ်ခုဖြစ်တယ်။ ဒီလိုချီးမြှင့်ခံရတဲ့အတွက် ပိုပြီးတော့အင်အား ဖြစ်ပြီး ပိုပြီး အတူတူကြိုးစားပြီးဆောင်ရွက်ကြမှာပါ’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုထားသောအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် အချက်အလက်များ စုဆောင်းခြင်း ၊ ပဏာမရွေးချယ်ခြင်း ၊ ဆန်ကာတင်အဆင့်ရွေးချယ်ခြင်း ၊ အပြန်အလှန်ဆွေးနွေးတိုင်ပင်ခြင်း စသည့်အချက်များဖြင့် စိစစ်ရွေး ချယ်ပြီး ပြည်သူ့ဂုဏ်ရည်ရွေးချယ်ခြင်း နောက်ဆုံးအဆင့်ကို မတ်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ရွေးချယ်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆု ကို မဆွတ်ဆိုင်းထွယ် ၊ ဒုရဲမှူးဟောင်း မိုးရန်နိုင် ၊ ဒေါ်အိအိညိမ်း ၊ Clean Yangon Campaign တို့ က ရရှိကြောင်းသိရသည်။

 

ပြည်သူ့ဂုဏ်ရည် ပထမဆုံးအကြိမ်ဆုကို သရုပ်ဆောင် ဦးကျော်သူကရရှိခဲ့ပြီး ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ၊ ပင်းတယမြို့ ဖန်မီးအိမ်ရှင် ဆေးရုံအုပ် ၊ ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်တို့လည်း ရရှိခဲ့သည်။

 

အိမို့မို့ခိုင်

Photo - မြို့တော်ဝန် ဒေါက်တာရဲလွင် Facebook