ရန်ကုန်  ၇  ဧပြီ

 

ရန်ကုန်မြို့ သနပ်ခါးအကြိုသင်္ကြန်ပွဲတော် ဧပြီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၄ ရက်တိုင် ပြည်သူ့ရင်ပြင် အတွင်းရှိ စမ်းချောင်း Food Town ဧရိယာအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သနပ်ခါးအကြိုသင်္ကြန်ပွဲတော်တွင် သနပ်ခါးလိမ်းခြယ်ခြင်း၊ သနပ်ခါးရေမွေးများဖြင့် ပက်ဖျန်းခြင်း၊ စတုဒိသာအဖြစ် ဒူးရင်းသီးမုန့်လုံးရေပေါ် ကျွေးမွေးခြင်း၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများအပြင် လက်ဆောင် ပစ္စည်းပေးခြင်း စသော အစီအစဉ်ပေါင်း မြောက်များစွာပါဝင်ကာ မနက် ၁၁ နာရီမှ ည ၁၀ နာရီအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့ သနပ်ခါးအကြိုသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ကိုအောင်မြင့်က “တစ်ချို့က သင်္ကြန်တွင်းမှာ အကြောင်းကြောင်းကြောင့် တရားစခန်းဝင်မယ့်သူပဲဖြစ်ဖြစ်၊ နယ်ကို အပျော်ခရီးသွားမယ့်သူပဲဖြစ်ဖြစ်၊ နယ်ကို ပြန်မယ့်သူတွေပဲဖြစ်ဖြစ် ရန်ကုန်မြို့ရဲ့ အတာသင်္ကြန်ကို မပါဝင်နိုင်မယ့်သူတွေကို ကျွန်တော်တို့က သနပ်ခါးအကြိုသင်္ကြန်အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပဖို့ ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

အဆိုပါစမ်းချောင်း Food Town တွင် အိုးပုတ်ပွဲတော်၊ ရုပ်သေးပွဲ၊ လက်မှုပညာပွဲ၊ စဉ့်အိုးစဉ်ထည်ပွဲ၊ သနပ်ခါးပွဲတော်၊ တိုင်းရင်းသားရိုးရာအကအလှ နှင့် တေးဂီတပွဲတော်များကို ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဖူးပြည့်