ရေနံချောင်း ၇ ဧပြီ
ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စည်ပင်ရွာသစ်၊ ရွာသစ်တပ်ပိုးကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ စည်ပင်ရွာမကျေးရွာတို့၌ ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် အချိန်ပြည့်လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ၃၅၀ ကျပ်နှုန်းဖြင့် စတင်အသုံးပြုနိုင်တော့ မည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ စည်ပင်ရွာသစ်ကျေးရွာ၊ စည်ပင်တပ်ပိုးကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်ရွာမကျေးရွာ စသည့်ကျေးရွာ(၃)ရွာရှိ အိမ်ခြေ(၂၈၉)အိမ်အနက် အိမ်ခြေ(၁၄၀)အိမ်၊ ဘာသာရေးအဆောက်အဦနှစ်ခု၊ အခြေခံပညာအထက်တန်းကျောင်းတို့တွင် လျှစ်စစ်ဓာတ်အားကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။ စုစုပေါင်း ငွေကျပ် ၇၂၆ ဒသမ ၅၀၇ အကုန်အကျခံကာ တည်ဆောက်ထားသည့် လျှပ်စစ်ဓာတ်အားပေးစနစ် လုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ရာ ဧပြီလ ၆ ရက်နေ့က ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ဒေသခံများနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်တို့ တွေ့ဆုံ၍ ပိုမိုကောင်းမွန်သည့် လူနေမှုဘဝမြင့်မား လာစေရေးနှင့် လျှပ်စစ်မီးလွယ်ကူစွာအသုံးပြုနိုင်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျေးရွာအတွင်းလမ်းမီးတိုင် ၁၃၈ တိုင်ခန့်ကို သွယ်တန်းပေးထားပြီး ကျေးရွာတစ်ရွာလုံး လျှပ်စစ်မီး အသုံးပြုမှုတွင် အနည်းဆုံး ၂၀ဝ ဝပ်မှ အများဆုံး ၄၅၀ဝ ဝပ်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းတာဝန်ယူဆောင်ရွက်သည့် MEGA GLOBAL GREEN AUTOMATION ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုလုပ်ငန်းအား ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာပံ့ပိုးပေးပြီး မဟာဓာတ်အား လိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP Off-grid)ဖြင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ၇၅ ဒသမ ၆ ကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်မည့် ဆိုလာ-ဒီဇယ်ပေါင်းစပ်စနစ် အမျိုးအစား ဆောင်ရွက်ထားခြင်း ဖြစ်သည်။
"အခုလို လျှပ်စစ်မီး အချိန်ပြည့်အသုံးပြုနိုင်တဲ့အတွက် ကျေးရွာရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေ ယခင်ထက် ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး ကျန်တဲ့ မီးမလင်းသေးတဲ့ အိမ်တွေကိုလည်း မကြာခင်မှာ မီးရရှိအောင် ဆောင်ရွက်သွားမယ်လို့" အဆိုပါကျေးရွာနေ ဦးထွန်းရှိန်က ပြောသည်။
သန်းလွင်(မကွေး)


