မင်းဘူး  ၇   ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ မင်ဘူးခရိုင်၊ မင်းဘူးမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် နွေရာသီကာလသောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး အတွက် စက်ရေတွင်းတူးဖော်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း မင်းဘူး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကျေးရွာသုံးရွာမှာ မကျီးပင်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ရေငံကျေးရွာ တို့ဖြစ်ပြီး  လေးလက်မစက်ရေတွင်း သုံးတွင်း၊ ဂါလံ ၂၄၀ဝ ဆံ့စင်မြင့်ရေစင်သုံးခု၊ ရေစက်ရုံသုံးခု တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေ  ၄၂ ဒဿမ ၇၀၅ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက မင်းဘူးခရိုင် ကျေလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်မြသက်ထွေး (လက်ထောက်ညွှန်ကြားရေးမှူး)၊    မင်းဘူးမြို့နယ် ကျေးလက်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့် ဝန်ထမ်းများကကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရန်နှင့် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ စက်ရေတွင်းသုံးတွင်းအောင်မြင်စွာတူးဖော်ပြီးစီးနေပြီး ရေဂါလံ ၁၅၀ဝ ထွက်ရှိခြင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင်များမှာလည်း ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း ကပြောပြ၍ သိရသည်။

 

 

ယခုတူးဖော်ဆောင်ရွက်နေသည့် စက်ရေတွင်း နှင့် ဆက်စပ်လုပ်ငန်းများအားလုံး ပြီးစီးသွားပါက ကျေးရွာ သုံးရွာရှိ အိမ်ခြေ ၃၂၉ အိမ်မှ လူဦးရေ ၁၄၆၀ ဦးတို့မှာ သောက်သုံးရေဖူလုံစွာ ရရှိလာတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြသည်။

 

 

ငြိမ်းသူ(စလင်း)

 

1