မန္တလေး ၇ ဧပြီ
အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့်ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေ ရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁ ဒသမ ၂ ကီလိုမီတာ သို့မဟုတ် တစ်မိုင်၏ လေးပုံသုံးပုံရှည်လျား၍ ကမ္ဘာတွင် အရှည်ဆုံးကျွန်းသား တံတားဖြစ်သည်။ တံတားဆောက်လုပ်သောနှစ်ကို အင်းကအော်အာ ဆောက်လုပ်ခါ ၁၂၁၁ ဟုလည်းကောင်း၊ ပြီးစီးသည့်နှစ်ကို အင်းကအော်ညီး ဆောက်လုပ်ပြီး ၁၂၁၃ ဟုလည်းကောင်း မှတ်သားထားကြသည်။
တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်(နဝအဋ္ဌဇယမောင်ပိန်) အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့သည်။
တံတားအရှည်မှာ ၃၉၆၇ ပေ ရှိသည်။ နားနေဇရပ်လေးဆောင်ရှိပြီး ဘုရင့်ဖောင်တော်များ လွယ်ကူစွာဖြတ်သန်း သွားနိုင်ရန် ဖောင်ကြောင်းကိုးခုကိုလည်း စီစဉ်ထားရှိလေသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် မြစ်ရေကြီးမှုကြောင့် တံတား ရေမြုပ်ကာ အခန်းအချို့ပျက်စီးသွားခဲ့ရာ အမရပူရ အမတ်ဦးဘသီက ပြန်လည်ပြင် ဆင်ခဲ့သည်။ ၁၉၇၃ ခုနှစ်ကလည်း အခန်း ၈ဝ ကျော် ရေမျောသွားခဲ့သည်။ ထိုစဉ်ကမဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသဦးဆောင်၍ အမရပူရမြို့နယ် ပြည်သူလူထု နှင့်ပြုပြင်ခဲ့သည်။
ဦးပိန်တံတားသမိုင်း
ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကိုတည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ ငှက်အစရှိ သည်သာမက အခြားသော တိရစ္ဆာန်များကိုပါဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါး ဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရစ္ဆာန်ရေးရာကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ဘာသာခြားကုလားတစ်ဦး ဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင် မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ် နှင့်အတူ ချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံး ချောက်ချားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနား ပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့ သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့်တကွ ကွပ်မျက်ခဲ့သည်။
မြို့စာရေး မောင်ပိန်သည် ဘာသာခြားဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်းထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉ ခုနှစ်တွင် အမရပူရမြို့ စာရေးမောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်သမန်အင်းကိုဖြတ်၍ အခြားဘက်ကမ်းသို့ သစ်သားတံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်းဝနှင့်စစ်ကိုင်းမြို့ဟောင်း များမှ ဘုန်းတော်ကြီးကျောင်းဟောင်းများကို ဖျက်ခြင်းဖြင့် ရရှိသည်ဟုဆိုသည်။ တည်ဆောက်ရသည့် အကြောင်းမှာလည်း တစ်ဖက်ကမ်းမှ အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် တည်ဆောက်သည်ဟု ဆိုသည်။ တည်ဆောက်သူ မောင်ပိန်ကိုအစွဲပြုပြီး ဦးပိန်တံတားဟု အမည်တွင်သည်။ မည်သို့ဆိုစေ ကာမူ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်သမန်အင်း၏ အထင်ကရ ပြယုဂ် အနေဖြင့် ထင်ရှားလျက်ရှိပေသည်။
သက်တမ်းတစ်ရာကျော်
ဦးပိန်တံတား သက်တမ်းနှစ်ပေါင်း တစ်ရာကျော်ရှိပြီဖြစ်သည်။ အင်းဝနေ ပြည်တော်မှရွှေ့ပြောင်းပြီး မြို့တော်တည် ထောင်ခဲ့သော အမရပူရသည် ဘိုးတော် ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ရာများနှင့် စည်ကားဖွံ့ဖြိုး ခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုး သမိုင်း အဆောက်အအုံအချို့က ရှေးခေတ်ကို တစေ့တစောင်းပြသလျက် ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက်ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်းအတန်း အစုအကွက် အမည်များက ရှေးခေတ်အမရပူရကို ပြောပြနေဆဲရှိသည်။
ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာ ကြည့်ရှုကြသောနေရာကား တောင်သမန် ဦးပိန်တံတားဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရ မြို့ဝန်၏ မြို့စာရေး ဦးပိန်တည်ဆောက် ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည် တွင်ခဲ့ပြီး ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသ နေဆဲရှိသည်။ ခေတ်အဆက်ဆက် လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှု များကို ပြုပြင်ခဲ့ရသည်။
တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာ ရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်း ဖြင့်တိုင်းတာ၍ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေ ဒဏ်ခံနိုင်အောင်ဖြောင့်တန်းစွာမဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဌာန် ဆောက်လုပ်ထားသည်။
ခေတ်ကာလရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ် ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ်လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁ဝ၈၆ တိုင်ရှိ သည်။ အခန်းပေါင်း ၄၈၂ ခန်း၊ တံတား အရှည် ၃၉၆၇ ပေ၊ တစ်မိုင်၏ လေးပုံ သုံးပုံရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် ''ဝင်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်'' စာအုပ်၌ ဖော်ပြထားသည်။
ဆိုခဲ့သည့်အတိုင်း မြန်မာဗိသုကာ ပညာရှင်များက မြန်မာ့ဆောက်လုပ်ရေး အတတ်ဖြင့် မြန်မာမှုစစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတ အဖြစ် ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုတိုင်းရင်းသားများသာမက နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်များပါ နေ့စဉ်လာရောက်ကြည့်ရှုကြသဖြင့် စည်ကားလှပေရာ အမရပူရ တောင်သမန် အင်းစောင်း၌ သပ်ရပ်သောစားသောက်ဆိုင် စသောဈေးဆိုင်ခန်းများ အတည်တကျတည်ဆောက်ကာ စီးပွားဖြစ်လျက် ရှိသည်။ မန္တလေးရောက် နိုင်ငံခြားသား ခရီးသွားများသာမက အနယ်နယ် အရပ်ရပ်ရှိ ပြည်သူများကလည်း မန္တလေးမြို့သို့ ရောက်သည်နှင့် ကမ္ဘာကျော်ဦးပိန် တံတားကြီးနှင့် တောင်သမန်အင်း၏ အလှတရားများကို ခရီးသွားများမှာ ယခုနှစ်စမှ ယနေ့အထိလာရောက်လေ့လာလျက်ရှိကြောင်းသိရသည်။
MDN


