နမ့်စန် ၇ ဧပြီ
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်(၄)ရပ်ကွက် သုခိတာရုံ ကျောင်းတိုက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟို)နှင့် နမ့်စန်မြို့နယ်လုံး ဆိုင်ရာ ဓမ္မစကူးလ်အဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် ကုလရက္ခိတ ယဉ်ကျေးလိမ္မာ (၁၀)ရက် လူငယ်အထူးတရားစခန်း၏ အောင်ပွဲအခမ်းအနားကို ကို ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်အောင်ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်က သြဝါဒကထာများ မိန့်ကြားပေးခဲ့ပြီး ကုလရက္ခိတယဉ်ကျေးလိမ္မာ သင်တန်းများ၏ သင်တန်းမှူး ဆရာတော် အရှင်အာစိဏ္ဏာလင်္ကာရက (၁၀)ရက် လူငယ်အထူးတရားစခန်းနှင့် ပတ်သက်၍ ခြုံငုံသုံးသပ် ရှင်းလင်းမိန့်ကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က ကျေးဇူးတင် ဝမ်းမြောက်ကြောင်းစကား လျှောက်ထားခဲ့ပြီး သင်တန်းသားသင်တန်းသူများကလည်း တရားစခန်းဝင်ရောက်ရခြင်းနှင့် ပတ်သက်၍ ရင်တွင်းဖြစ် ဝမ်းမြောက်စကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အလှူရှင်များနှင့် ဝေယျာဝစ္စကုသိုလ်ရှင် များအတွက် ဂုဏ်ပြုမှတ်တမ်းများကို နမ့်စန်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မျိုးနှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြသည်။
ထို့နောက် နမ့်စန်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်အဖွဲ့အတွင်းရေးမှူး ဦးဝင်းဆောင် က ဓမ္မစကူးလ် ကော်မတီ၏ လုပ်ဆောင်ချက်နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှဝေကာ `ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု` သုံးကြိမ်ရွတ်ဆို ပူဇော်၍ အောင်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ကုလရက္ခိတယဉ်ကျေးလိမ္မာ (၁၀)ရက် လူငယ်အထူးတရားစခန်း ကို မတ်လ ၂၉ ရက်မှ ဧပြီ ၇ ရက် အထိဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အသက် ၁၄ နှစ် မှ ၃၀ နှစ်အတွင်း လူငယ် ကျားမ စုစုပေါင်း ၂၃၂ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)


