နေပြည်တော် ၇ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သီလဝါစက်မှုဇုန်သို့ ဆက်သွယ်ထားသော (၄)လမ်းသွား သန်လျင်-သီလဝါ လမ်းမကြီးအား JICA ချေးငွေဖြင့် ဆောင်ရွက်သည့်လမ်း အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက် ၈ နာရီခွဲက ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား လမ်းဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် JICA ချေးငွေဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက သန်လျင်-သီလဝါစက်မှုဇုန်သို့ ဆက်သွယ်သည့် (၄) လမ်းသွား တိုးချဲ့အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးဝဲ/ယာ သံကူကွန်ကရစ် ရေမြောင်းအရှည် (၁၆)မီတာ မြေအောက်ဓာတ်အားပေးစနစ် ပြောင်းလဲခြင်း၊ မီးပွိုင့်နှင့် လမ်းမီးဓာတ်အားပေးစနစ် တပ်ဆင်ခြင်းလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများအားလုံး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းတို့ကို လိုက်လံရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်လျင်-သီလဝါ စက်မှုဇုန်လမ်းအပိုင်းသည် ရန်ကုန်မြို့နှင့် ဆက်သွယ်ရာတွင် အဓိကအရေးပါသည့် လမ်းတစ်လမ်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီ လမ်းအင်္ဂါရပ်နှင့်အညီ စံချိန်စံညွှန်းပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်ဖို့လိုပါကြောင်း၊ လမ်းလုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တာရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ကြပ်မတ်အောင်ပေးပို့ လိုပါကြောင်း၊ လုပ်ငန်းများအားလုံးပြီးစီးပါက သွားလာရေးလွယ်ကူ အဆင်ပြေမှာဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှုများလည်း လျော့နည်းသွားမှာဖြစ်ပါကြောင်း၊ လုပ်ငန်းများ သတ်မှတ်ချိန်မီ ပြီးစီးရေး ဉီးစားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လမ်းဉီးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် လမ်းဉီးစီးဌာနနှင့် JICA ချေးငွေဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီမှတာဝန်ရှိသူများက သန်လျင်-သီလဝါစက်မှုဇုန်လမ်းအား (၄)လမ်းသွား အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် နည်းပညာဒီဇိုင်းသစ်ဖြင့် လမ်းဘေးဝဲ/ယာ ရေမြောင်းများ လမ်းမီးပွိုင့်နှင့် လျှပ်စစ်ဆက်သွယ်ရေးနှင့် စံချန်စံညွှန်းပြည့်မီစွာ ပြင်ဆောင်ရွက်ထားရှိမှု၊ တံတားတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သန်လျင်-သီလဝါ စက်မှုဇုန်လမ်းမကြီး အဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ ယခင်တံတားဟောင်းနေရာတွင် နည်းပညာ ဒီဇိုင်းသစ်ဖြင့် တံတားသစ်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


