နေပြည်တော် ၇ ဧပြီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ တာချီလိတ်မြို့သို့ ရောက်ရှိပြီး တာချီလိတ်မြို့အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ကျရောက်ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက မြန်မာ−ထိုင်း နယ်နိမိတ်ဖြစ်သည့် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့များတွင် နှစ်စဉ်ပွင့်လင်းရာသီရောက်တိုင်း တောင်ယာမီးရှို့မှုများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်မှုအခြေအနေ၊ မတ်လလယ်တွင် မီးခိုးမြူငွေ့ကျရောက်မှုကြောင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပ၍ လေထုညစ်ညမ်းမှုလျော့ကျစေရေး ဆောင်ရွက်ခဲ့သည့် အစီအမံများ၊ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းအတွင်း မီးခိုးမြူမှုန်လျော့ပါရေး နားနေစခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုနှင့် ပြည်သူများအား အသိပညာပေးဆောင်ရွက်မှု၊ ကျန်းမာရေးဝန်ဆောင်မှု အခြေအနေတို့ကို တင်ပြသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တာချီလိတ်မြို့တွင် လေထုအရည်အသွေး အညွှန်းကိန်းတိုင်းတာရေးစက်ဖြင့် တိုင်းတာဆောင်ရွက်မှု တွေ့ရှိချက်နှင့် ဆောင်ရွက်ရန်အစီအစဉ်နှင့် အခြားဆက်စပ်ဌာနများက မိမိတို့ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်၌ လေထုအညွှန်းကိန်း တိုင်းတာရေးစက်အသစ်တစ်လုံး ထပ်မံဝယ်ယူပြီးပါက တာချီလိတ်မြို့နယ်၌ စက်တစ်လုံးအမြဲထားရှိနိုင်ရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လေထုထဲသို့ ရေမှုန်ဖြန်းသည့် စက်ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မီးခိုးမြူအများစုမှာ တောမီးလောင်ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် စိုက်ပျိုးရေလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ မီးရှို့မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည့်အတွက် အသိပညာပေးလုပ်ငန်းများကို ပိုမိုအားထည့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မဖြစ်မနေဆောင်ရွက်ရလျှင်လည်း အလှည့်ကျဆောင်ရွက်သည့် အလေ့အထကို စည်းရုံးပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
တာချီလိတ်မြို့တွင် မတ် ၁၅ ရက်မှစ၍ မီးခိုးမြူငွေ့ကျရောက်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လေထုအညွှန်းကိန်းတိုင်းတာရေးစက်ဖြင့် တိုင်းတာဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်နှင့် ၁၇ ရက်များတွင် လေထုအရည်အသွေးညွှန်းကိန်း PM10 ၃၀၂ နှင့် ၂၇၆ အသီးသီးရောက်ရှိခဲ့ပြီး နောက်ရက်များတွင် ပြန်လည်ကျဆင်းခဲ့သော်လည်း မတ် ၃၁ ရက်တွင် ၅၀၂ ထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ညွှန်းကိန်း ၃၀ဝ နှင့်အထက်ကို ဘေးအန္တရာယ်အရှိဆုံးအဆင့်အဖြစ် သတ်မှတ်ထားရှိသည်။ ဧပြီလပထမပတ်တွင် လေထုအရည်အသွေးညွှန်းကိန်း တဖြည်းဖြည်းလျော့ကျဆင်းလာပြီး တိုင်းတာချက်များအရ လေထုအတွင်း အမှုန်ပါဝင်မှုများပြားသော်လည်း လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနော့ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်များပါဝင်မှု နည်းပါးကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လေထုအညွှန်းကိန်း တိုင်းတာရေးစက်ဖြင့် တိုင်းတာဆောင်ရွက်လျက်ရှိသည့် နေရာနှင့် ရှမ်းရိုးမကွင်းအတွင်း မီးခိုးမြူမှုန်လျော့ပါရေး နားနေစခန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


