မြန်အောင် ၇ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ မြန်အောင်ဘုံသာဘွဲ့ရ ရွှေဘုံသာစေတီတော်အား ထီးတော်အသစ် တင်လှူပူဇော်ပွဲနှင့် ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် အပါး (၉၀ဝ) ကျော်တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်သည့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါစေတီတော်ဝင်းအတွင်း ကျင်းပသည်။

 

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒစရိယ ပုသိမ်မြို့၊ ညောင်ပင်သာပရိယပတ္တိ စာသင်တိုက် ပဓာနဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အလှူရှင်များက ကြွရောက် တော်မူလာကြသည့် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်တို့က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ ဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက ထီးတော်တင်လှူရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းလျှောက်ထားသည်။

 

ထို့နောက် မြန်အောင်ဘုံသာဘွဲ့ရ ရွှေဘုံသာစေတီတော်အား ရွေထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဒေါက်တာခင်ရွေတို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွေထီးတော်တို့ကို ပင့်ဆောင်ကာ စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြသည်။

 

ထို့နောက် ဆရာတော်အရှင်သူမြတ်တို့က စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ယနေ့ မြန်အောင်ဘုံသာဘွဲ့ရ ရွှေဘုံသာစေတီတော်အား လုံးတော်ပြည့် ရွှေရောင်စတီး သင်္ကန်းဆက်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ ဆက်ကပ်ခြင်းနှင့်အတူ ထီးတော်ဟောင်းစေတီနှစ်ဆူ တည်ထားကိုးကွယ်ခြင်း၊ မံဘုရားတန်ဆောင်း၊ ဓမ္မာရုံများ၊ သာသနိက အဆောက်အအုံများ တံခွန်တိုင် (၄) တိုင်အား မွမ်းမံပြုပြင်ရောင်တော်ဖွင့်ခြင်း၊ သစ္စာအောင်မြေ အဆောက်အအုံအား အသစ်ဆောက်လုပ်ခြင်း၊ အလောင်းဘုရားရုပ်တုရှေ့၌ မြေခင်းအလှပြုပြင်ခြင်း၊ လျှပ်စစ်မီးများမွမ်းမံ ပြုပြင်ခြင်း၊ ပရဝဏ်အတွင်းရှိ အဆောက်အအုံများ၊ ရင်ပြင်တော်နှင့် အုတ်တံတိုင်းများအား မွမ်းမံပြုပြင်ရောင်တော်ဖွင့်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံ လှူဒါန်းခြင်းများကို အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(မင်းမင်း)

 

1-M