နေပြည်တော် ၇ ဧပြီ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် မမြရေလှောင်တမံသို့ ရောက်ရှိပြီး ရေပိုလွှဲနှင့် ပင်မတမံတို့အား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က တမံကြံ့ခိုင်မှုကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့် စစ်ဆေးပြီးစီးမှု၊ နှစ်စဉ် ပျမ်းမျှ စီးဝင်ရေနှင့် ရေသိုလှောင်မှု၊ ရေအားလျှပ်စစ်ထုတ်လုပ်နေမှု၊ စိုက်ပျိုးရေပေးဝေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မကြာမီ မိုးရာသီကာလကို စတင်ဝင်ရောက်တော့မည်ဖြစ်ရာ ပွင့်လင်းရာသီတွင် ဆည်တမံကြီးများအတွင်း ရေလက်ကျန်အခြေအနေကို ကြိုတင်ချိန်ညှိ တွက်ဆထားရန်လိုအပ်ကြောင်း၊ ဝင်ရေ၊ သိုလှောင်ရေနှင့် ထုတ်လွှတ်အသုံးပြုမှုတို့ ဟန်ချက်ညီစေရန် မိုးလေဝသပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များ၊ ယခင်နှစ်များ၏ အတွေ့အကြုံတို့ဖြင့် ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ဆွေးနွေးပြောကြားသည်။
မမြရေလှောင်တမံသည် မြေသားတမံအမျိုးအစားဖြစ်ကာ တမံအမြင့် ၁၅၀ ပေ၊ ပင်မတမံအလျား ၁၁၈၀ဝ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ - ၇၁၄၀ဝ ဧကပေရှိပြီး နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ၁၂၉၀ဝ၀ ဧကပေရှိသည်။
နွေစပါးဧက ၅၆၀ဝ ဧကအား စိုက်ပျိုးရေ ပေးဝေလျက်ရှိသကဲ့သို့ ရေအားလျှပ်စစ် တပ်ဆင်ဓါတ်အား ၂၅၀ ကီလိုဝပ် x ၂ လုံးအား အလှည့်ကျမောင်းနှင်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓါတ်အားကို ပတ်ဝန်းကျင်ကျေးရွာများသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံသို့ ရောက်ရှိကြကာ ရေပိုလွှဲနှင့် ပင်မတမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေသောက်စနစ်အတွင်းရှိ စိုက်ကွင်းများ အပြည့်အဝစိုက်ပျိုးနိုင်ခြင်းဖြင့် ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာများနှင့် ပူးပေါင်းကာ တောင်သူများအား ဆွေးနွေးစည်းရုံး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အချိန်ပြည့် တာဝန်ချထား ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
မြေသားတမံအမျိုးအစားဖြစ်သည့် ကညင်ရေလှောင်တမံသည် တမံအမြင့် ၁၉၄ ပေ၊ ပင်မတမံအလျား ၃၇၅၀ ပေ၊ ကုန်းကျောတမံအလျား ၂၈၅၀ ပေရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ၁၄၅၀ဝ၀ ဧကပေရှိသည်။ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ၂၇၃၀ဝ၀ ဧကပေရှိပြီး ယခုနှစ် နွေစပါးဧက ၈၈၀ဝ ဧကအား စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


