မိုးကောင်း ၇ ဧပြီ
ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသည့် ဉာဏ်တော် ၁၀၈ ပေရှိ လောကချမ်းသာ မဟာစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်မင်္ဂလာ အခမ်းအနားကို ဧပြီ ၇ ရက် နံနက်ပိုင်းက အဆိုပါစေတီတော် ပုရဝဏ်အတွင်းရှိ ဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ပြည်နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာတိလောကရာမ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယက (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) ရိပ်သာကျောင်းတိုက်ဆရာတော်ကြီး၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်များနှင့် ပြည်နယ်/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကြွရောက်တော်မူသည့် ဆရာတော်ကြီးများနှင့် ဧည့်ပိရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်သည်။
ဆက်လက်၍ ရိပ်သာကျောင်းတိုက်ဆရာတော်ကြီး တိလောကာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ရိပ်သာဆရာတော် ကချင်ပြည်နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအာစိဏ္ဏထံတော်မှ ကိုးပါးသီလကို ခံယူဆောက်တည်ကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၍ ထီးတော်တင်လှူမည့် စိန်ဖူးတော်နှင့် ဆက်စပ်ပစ္စည်းများကို ဆရာတော်ကြီးထံ ဆက်ကပ်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူရာတွင်ပါဝင်သည့် ပစ္စည်းတို့ကို အလှူရှင်များနှင့် တာဝန်ရှိသူများက ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ် သုံးကြိမ်လှည့်လည် အပူဇော်ခံကာ စေတီတော်ကြီးအား ရွှေထီးတော်တင်လှူခဲ့ကြသည်။
ဦးဝင်းနိုင်


