နေပြည်တော် ၇ ဧပြီ

 

မောင်တောမြို့နယ်အတွင်း မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူ တစ်ဉီးနှင့် ARSA အဖွဲ့ဝင်တစ်ဉီးတို့အား ဖမ်းဆီးရမိသဖြင့် ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မောင်တောမြို့နယ် မြောက်ပိုင်း၊ အောင်သပြေကျေးရွာ၏ အနောက်ဘက်တွင် မတ် ၂၉ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှာဟဲလ်၊ နိုဟာအာလီကျေးရွာ၊ ရန်ကာမာတီ မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောချက်အရ ၎င်းသည် လိမ္မော်ချယ်ရီကျေးရွာသား (၅)ဦးနှင့်အတူ လူစု၍ မတ် ၂၈ ရက် နံနက်ပိုင်းတွင် နွားများ ခိုးယူရန်ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး လမ်းမှားလူစုကွဲ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ(၂)အတွင်း မတ် ၃၀ ရက် မွန်းလွဲပိုင်းတွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နယ်စပ်မှတ်တိုင်(၄၀) နယ်ခြားစောင့် ရဲကင်းစခန်းအနီး လျှိုအတွင်းမှ မသင်္ကာဖွယ်လူ ၁ ဦး တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ကြောချက်အရ ၄င်းမှာ အိုစမန်ဂေါ်နီ (ခ) အိုစမာ၊ တောင်ဘဇာကျေးရွာအုပ်စု၊ ယင်းမကျောင်းတောင် ကျေးရွာ၊ ဘူးသီးတောင်မြို့နယ် နေသူဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် တောင်ဘဇာနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သောကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)အမှုမှ တရားခံပြေး ၁ ဦးဖြစ်ကြောင်း၊ ၎င်းသည် တောင်ဘဇာနယ် မြေရဲစခန်းအား အခြားသူများနှင့်အတူ ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက် တစ်ဖက်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ သွားရောက်နေထိုင်တိမ်းရှောင်ခဲ့ကြောင်း။

 

ယင်းနောက် အကြမ်းဖက်သင်တန်းတက်ရန် စည်းရုံးခံရမှုကြောင့် ARSA အဖွဲ့သို့ဝင်ရောက်၍ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကြမ်းဖက်သင်တန်း (၂)လခန့်တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းအား ကူတူပါလောင် ဒုက္ခသည်စခန်း၊ ဘာလူခါလီဒုက္ခသည်စခန်း၊ မူတူးဆရမ် ဒုက္ခသည် စခန်းတို့၏ အနီးဝန်းကျင် တောအတွင်းနှင့် ယာယီတဲအိမ်အလွတ်များ အတွင်း၌ ည ၁၀ နာရီမှ နံနက် ၁ နာရီအထိ ARSA အဖွဲ့မှ စည်းရုံးထားသော သင်တန်းသား (၅၀)ဦးစီဖြင့် တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းကာလအတွင်း (၁)လလျှင် တာကာငွေ (၅၀ဝ၀) ထောက်ပံ့ရရှိကြောင်း၊ ယခုအချိန်တွင် သင်တန်းတက်ရောက်ပြီးသူများသည် နယ်စပ်ဒေသရဲကင်းစခန်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုအား မပြတ်ထောက်လှမ်းပြီး ချောင်းမြောင်းတိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း။

 

မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာ တံတားအနီး၌ ဇန်နဝါရီ ၁၆ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါသောယာဉ်အား ARSA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုတွင် မောင်တောမြို့နယ်၊ သက္ကယ်ပြင်ရွာသား ဇူပိုင်(စိစစ်ဆဲ) ဦးဆောင်သည့် (၁၂)ဦးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လာသူများကို ARSA အဖွဲ့ခေါင်းဆောင်များမှ (၁)ဦးလျှင် တာကာငွေ (၅၀ဝ၀)စီဆုကြေးပေးကြောင်း၊ ၎င်းအနေဖြင့် မတ် ၂၉ ရက်နေ့ညတွင် (၁)ဖွဲ့လျှင် (၅၀)ဦး ခန့်ပါဝင်သည့် အဖွဲ့(၃)ဖွဲ့ခွဲပြီး နယ်စပ်မှတ်တိုင်(၄၁)အနီးမှ နယ်စပ်ခြံစည်းရိုးအားဖျက်ဆီး၍ မြန်မာနိုင်ငံဘက်အခြမ်းသို့ ဝင်ရောက်ခဲ့ကာ ငါးရံ့ချောင်းရဲကင်းစခန်းအပါအဝင် ရဲကင်းစခန်း(၃)ခုအား တိုက်ခိုက်ရန်တောတွင်း၌ ခေတ္တအခြေပြုခဲ့ကြောင်း၊ အနီးပတ်ဝန်းကျင်လမ်းကြောင်းနှင့် နယ်မြေအခြေအနေအား စုံစမ်းရန်ထွက်ခွာလာစဉ် လုံခြုံရေးအဖွဲ့များနှင့် တွေ့ရှိဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ARSA အဖွဲ့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ မောင်တောဒေသအား အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်နယ်တစ်ခုအဖြစ် ထူထောင်ရန်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ခွင့် မရခြင်းကြောင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ ပြန်လည်လက်ခံရေးစခန်းများသို့ ပြန်မသွားရန် ဒုက္ခသည်စခန်းများ၌ စည်းရုံးပြောဆိုလျက်ရှိကြောင်းနှင့် ၎င်းတို့ခေတ္တအခြေပြုသည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး အသေးစိတ်ဖြန့်ခွဲရှင်းလင်းရာ ထိတွေ့ပစ်ခတ်မှု၊ ထူးခြားမှုတစ်စုံတစ်ရာ မရှိကြောင်းနှင့် ဖမ်းဆီးရမိသူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်၍ ကွင်းဆက် ဆက်လက်စိစစ် ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

(သတင်းစဉ်)