ကလေး  ၈ ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏  ၂၀၁၈- ၂၀၁၉ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကလေးခရိုင် ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ် အတွင်းရှိ ဂရန်အင်း ၁၂ နေရာကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သူများအား ဈေးပြိုင်စနစ်ဖြင့် ပထမအကြိမ် အိတ်ဖွင့်လေလံတင် ရောင်းချပေးခြင်းကို  မေ ၉  ရက် နံနက် ၁၀ နာရီတွင် လေလံစည်းကမ်းချက် များနှင့်အညီ ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

 

ကလေးခရိုင် ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ် အတွင်းရှိ ဂရန်အင်းများမှာ ကလေးမြို့နယ်တွင် အင်းဒင်အင်း၊ ကလေးအင်း၊ တိန်ညှင်းအင်း၊ ရာဇဂြိုဟ်အင်းနှင့် မင်းကင်းမြို့နယ်တွင် ကံအင်း၊ သင်တောအင်း၊ ဘိုင်အင်း၊ မတောအင်း၊ တုံအင်း၊ ဘင်အင်း၊ ပင်တင်းအင်း၊ ပန်းဆက်အင်း စုစုပေါင်း အင်း ၁၂ နေရာတို့ဖြစ် ကြပြီး အဆိုပါ အင်းများအတွက် တင်ပြရမည့် စပေါ်ငွေမှာ အင်းတစ်နေရာလျှင် ၁၀ဝ ရာခိုင်နှုန်းစီဖြစ်ကြောင်း ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ အိတ်ဖွင့်လေလံတင်ရောင်းချခြင်း ကြော်ငြာအရ သိရသည်။

 

ဂရန်အင်းများဟာ နိုင်ငံတော်ပိုင် သယံဇာတတွေဖြစ်ပါတယ်။ အင်းလုပ်ငန်းဟာ သဘာဝကထွက်ရှိတဲ့ ငါးတွေ ကို ဖမ်းဆီးရတဲ့ လုပ်ငန်းဖြစ်တာနဲ့အညီ ရေရှည်စဉ်ဆက်မပြတ် ငါးဖမ်းဆီး ထုတ်လုပ်နိုင်ဖို့အတွက် အဲဒီ ဂရန်အင်းရဲ့ ငါးမျိုးစိတ်တွေ မျိုးမတုန်းစေရေး၊ ငါးမျိုးတွေပြုန်းတီးနိုင်တဲ့ တရားမဝင် ငါးဖမ်းကိရိယာတွေ အသုံးပြုခြင်းကနေ ကာကွယ်ကြီးကြပ်ရေး၊ ငါးရစ်ငါးသန် ရာသီချိန်တားမြစ်ကာလ ငါးဖမ်းဆီးမှု မရှိစေရေးတို့ကို အင်းလေလံဆွဲ ဝယ်ရရှိသူတွေက တာဝန်ရှိမှု၊ တာဝန်သိမှု အသိစိတ်ဓာတ်ရှိရှိနဲ့ အလေးထားဖို့ အခုလို ဆောင်ရွက်ခြင်းဖြစ်ပါတယ် ဟု ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးစိုးမြင့်သိန်းက ပြောသည်။

 

ငါးလုပ်ငန်းဦးစီးဌာနသည် ရေချိုငါးလုပ်ငန်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အင်းများကို လေလံတင် ရောင်းချရာတွင် မည်သည့်ဌာန အဖွဲ့အစည်းကိုမဆို ဦးစားပေးအဆင့် မထားရှိဘဲ ပွင့်လင်းမြင်သာစွာ အများရှေ့မှောက်တွင် ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း၊ အပြန်အလှန် ညှိနှိုင်းဈေးနှုန်းဖြင့် ဆွဲဝယ်နေသည်ဟု အဖွဲ့မှသုံးသပ်မိပါက ဆက်လက်ရောင်းချခြင်း မပြုဘဲ ဆိုင်းငံ့ရမည်ဖြစ်ပြီး နောက်တစ်ကြိမ် လေလံရက်တွင် ပြန်လည်လေလံတင် ရောင်းချမည်ဖြစ်ကြောင်း၊ ပန်းကြေးတောင်းခံရယူကြောင်း တိကျစွာ ဖော်ထုတ်ရရှိပါက ပန်းကြေးပေးသူနှင့် ပန်းကြေးရယူသူ နှစ်ဦးစလုံးအား လေလံဆွဲဝယ်ခွင့် ရုပ်သိမ်းပြီး ငါးလုပ်ငန်းဦးစီးဌာန အမည်ပျက်စာရင်း တင်သွင်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ချင်းတွင်းသား