ပဲခူး ၈ ဧပြီ
ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူထုတ်လုပ်မှုများ နည်းစနစ် မှန်မှန်ဖြင့် ထုတ်လုပ်နိုင်ရန်၊ ရေအရည်အသွေး ငါးရောဂါ ထိန်းချုပ်ကာကွယ်မှုနှင့် သက်ရှိအစားအစာ ဘာသာ ရပ်များ၊ ကောင်းမွန်သော မွေးမြူရေးကျင်းစဉ်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ ဧပြီ ၈ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ(၃၅)ဦး တက်ရောက် ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တွင်ဂရန်အင်းပေါင်း(၆၉၇)အင်း၊ ငါးမွေးမြူ ရေးကန်ဧက (၃၁၁၇၁.၆၃၄)ဧကရှိကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဒုတိုင်း၊ ခရိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ စခန်းတာဝန်ခံများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


