မန္တလေး ၈ ဧပြီ
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ၊ ဗဟိုအကျဉ်းထောင်(မန္တလေး)၌ ရှိနေသည့် အကျဉ်းသား အရေအတွက်မှာ သတ်မှတ်ချက်ထက် သုံးဆနီးပါးရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်က ဒုတိယအကြိမ်မြောက်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့သည်။
အကျဉ်းဦးစီးဌာန(ရုံးချုပ်)၏ ၆.၈.၂၀၁၂ ရက်စွဲပါ စာအရ ဗဟိုအကျဉ်းထောင်(မန္တလေး)၌ အကျဉ်းသား ထားရှိသင့်သည့် အကျဉ်းသား အရေအတွက်မှာ ၃၀ဝ၀ ဖြစ်သော်လည်း ၃၁.၃.၂၀၁၈ ရက် စာရင်းအရ ဗဟိုအကျဉ်းထောင်၌ အကျဉ်းသားဦးရေမှာ အမျိုးသား ၇၂၃၆ ဦး၊ အမျိုးသမီး ၁၁၄၃ ဦး၊ စုစုပေါင်း ၈၃၇၉ ဦး ရှိသည့်အတွက် သတ်မှက်ချက်ထက် သုံးဆနီးပါးရှိနေကြောင်း စာရင်းစစ်ချုပ် တင်ပြစာအရ သိရသည်။
ထို့ပြင် အဆိုပါ အကျဉ်းသားဦးရေများအတွက် အကျဉ်းထောင် ဝန်ထမ်းမှာ အမျိုးသား ၂၆၂ ဦး၊ အမျိုးသမီး ၆၀၊ စုစုပေါင်း ဝန်ထမ်း အရေအတွက်မှာ ၃၂၂ ဦးသာ ရှိသည့်အတွက် အကျဉ်သား ၈၃၇၉ ဦးဖြင့် အချိုးချပါက ၁:၂၆ အချိုးရှိနေကြောင်း သိရသည်။
ထို့ပြင် ဗဟိုအကျဉ်းထောင်(မန္တလေး)ရှိ အကျဉ်းသားအမျိုးသားအိပ်ဆောင် ၁၃ လုံး၏ စတုရန်းအကျယ် ၆၈၂၆၈ တွင် ဝင်ဆံ့အကျဉ်းသား ဦးရေမှာ ၃၇၉၄ ဦးသာဖြစ်သော်လည်း၊ ၆၈၂၉ ဦးထားရှိခြင်း၊ အမျိုးသားတိုက်ဆောင် ၁၃၉ ခန်းတွင် ဝင်ဆံဦးရေမှာ ၂၇၈ ဦးသာဖြစ်သော်လည်း ၄၀၇ ဦးထားရှိခြင်း၊ အမျိုးသမီး အိပ်ဆောင် ၄ လုံး၏ စတုရန်းအကျယ် ၁၃၄၄၄ တွင် ဝင်ဆံ့အကျဉ်းသူမှာ ၇၄၁ ဦးဖြစ်သော်လည်း ၊ ၁၁၁၈ ထားရှိခြင်း၊ အမျိုးသမီးတိုက်ဆောင် ၁၀ခန်းတွင်ဝင်ဆံ့ဦးရေမှာ ၂၀ သာဖြစ်သော်လည်း ၂၅ ဦး ထားရှိခြင်းများ တွေ့ရှိရကြောင်း သိရသည်။
ထိုကဲ့သို့ ဝင်ဆံ့ဦးရေထက် ပိုမိုထားရှိခြင်းများကြောင့် အကျဉ်းထောင်၏ အုပ်ချုပ်ရေး လျော့နည်းမှုဖြစ်စဉ်၊ လုံခြုံရေး ကျိုးပေါက်မှု ဖြစ်စဉ်နှင့် ကျန်းမာရေးအရ ကူးစက်မှု ရောဂါများ ပြန့်ပွားမှု ဖြစ်စေနိုင်ကြောင်း၊ အကျဉ်းထောင်၏ လူဦးရေကျပ်တည်းမှုများကြောင့် အကျဉ်းဦးစီးဌာန(ရုံးချုပ်)၏ ခွင့်ပြုမိန့် ရရှိသော အကျဉ်းသား/သူ များကို ရဲဘက်၊ထောင်ပြောင်း ပြောင်းရွှေ့ပေးပို့ကြောင်း စာရင်းစစ်ချုပ်မှ တင်ပြခဲ့သည်။
ထို့ပြင် ဗဟိုအကျဉ်းထောင်၏ ဖွဲ့စည်းပုံအရ ဆေးဝန်ထမ်းခွင့်ပြု ၁၉ ဦးဖြစ်ပြီး ၊ ၃၁.၃.၂၀၁၈ တွင် ခန့်ထား ၁၃ ဦးဖြစ်သဖြင့် ဆေးဝန်ထမ်းနှင့် အကျဉ်းသားဦးရေ အချိုးမှာ ၁:၆၄၄ ဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် လုံလောက်သော ကျန်းမာရေးဝန်ထမ်း မရှိကြောင်းတွေ့ရဟု စာရင်းစစ်ချုပ်မှ တင်ပြခဲ့သည်။
သူရိန်လင်း


