မြို့သစ် ၈ ဧပြီ
မကွေးခရိုင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ ကျောင်းများနှင့် ဆက်သွယ်ကာ နွေရာသီ အခြေခံစာစီစာကုံး ရေးသားနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင်းအိဇွန်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား၍ အထက(၁) အလယ်တန်းပြဆရာမ ဒေါ်နွယ်နွယ်ကျော်က စာစီစာကုံးရေးသားရာတွင် ပါဝင်ရမည့် အခြေခံအချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်၍ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊ မြန်မာစာစီစာကုံး ရေးသားမှု အခြေခံကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဧပြီလ(၈)ရက်နေ့မှ ဧပြီလ(၁၁)ရက်နေ့အထိ နေ့စဉ်နံနက်ပိုင်းအချိန်များတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း ( မြို့သစ် )


