မန္တလေး ၈ ဧပြီ

 

မန္တလေးမြို့အတွင်း အဓိကလမ်းမကြီးများတွင် ယာဉ်ရပ်နားခ ကောက်ခံခွင့် ပြုထားသည့် နေရာ ၇ ခုကို ဖျက်သိမ်းလိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

1

 

မြို့နေပြည်သူလူထု သွားလာမှု အဆင်ပြေစေရေးနှင့် စိတ်အနှောက်အယှက် မဖြစ်စေရေးအတွက် ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

"ယာဉ်ရပ်နားခတွေ ကောက်ခံတဲ့အပေါ် ယာဉ်ပိုင်ရှင်တွေမှာ အထိုက်အလျောက် ငြိုငြင်မှုတွေရှိတယ်။ အဲဒါကြောင့် ယာဉ်ရပ်နားခတွေကို တဖြေးဖြေးနဲ့ မကောက်ခံတော့ပဲ လျှော့ချဆောင်ရွက်သွားမှာပါ'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

 

ယာဉ်ရပ်နားခ ကောက်ခံမှု ဖျက်သိမ်းသည့် နေရာ ၇ ခုမှာ လမ်း ၃၀၊ ၇၄ လမ်းမှ ၇၈ လမ်းကြား၊ လမ်း ၈၀၊ ၂၇ လမ်းမှ ၃၃ လမ်းကြား၊ ၂၆ လမ်း၊ လမ်း ၈၀ မှ ၈၄ လမ်းကြား၊ ၃၅ လမ်း၊ လမ်း ၈၀ မှ ၈၄ လမ်းကြား၊ ၈၃ လမ်း ၂၆ လမ်းမှ ၂၈ လမ်းကြား၊ ၈၂ လမ်း၊ ၂၆ လမ်းမှ လမ်း ၃၀ ကြား၊ ၈၄ လမ်း ၂၆ လမ်းမှ ၂၈ လမ်းကြား တို့ဖြစ်သည်။

 

အဆိုပါ လမ်းများသည် ယာဉ်ရပ်နားခ ကောက်ခံရန်အတွက် လေလံများချထားပြီး နှစ်စဉ် ငွေကျပ် သိန်း ၂၀ဝ၀ နီးပါး ရရှိကြောင်း သိရသည်။

 

ယာဉ်ရပ်နားခ ကောက်ခံခွင့် ဖျက်သိမ်းသည့် နေရာ ၇ ခုတွင် ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် အမှတ်အသား ဆေးလိုင်းများ ရေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်