မြိတ်  ၈  ဧပြီ 

           

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍတိုးတက်ဖွံ့ဖြိုးရေး၊ စစ်တုရင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် တိုင်းဒေသကြီးအဆင့် လက်ရွေးစင်အားကစားသများ ရွေးချယ်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား(၃)ခရိုင် စစ်တုရင်ပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ဧပြီလ(၇)ရက် ညပိုင်းတွင် နောက်ဆုံးပွဲစဉ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

           

၃ ခရိုင် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့ရာ   ပြိုင်ပွဲသို့ ထားဝယ်၊ မြိတ်၊ ကော့သောင်း (၃)ခရိုင်မှ  အလွတ်တန်း စစ်တုရင်အသင်းလိုက်ပြိုင်ပွဲဝင် (၁၁)ဦး၊ အသက်(၂၀)အောက် စစ်တုရင်အသင်းလိုက်ပြိုင်ပွဲဝင်(၁၁)ဦး၊ မြန်မာ့ရိုးရာစစ်တုရင်အသင်းလိုက် ပြိုင်ပွဲဝင် (၁၁)ဦး၊ အမျိုးသမီးစစ်တုရင်အသင်းလိုက်ပြိုင်ပွဲဝင်(၁၂)ဦး စုစုပေါင်းပြိုင်ပွဲဝင် အားကစားသမား(၄၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

1

           

ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် မြန်မာ့ရိုးရာစစ်တုရင် အသင်းလိုက်ပြိုင်ပွဲနှင့် (အလွတ်တန်း) ပြိုင်ပွဲ ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသမီး(အလွတ်တန်း)ပြိုင်ပွဲတွင် ထားဝယ်ခရိုင်မှ ပထမ၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အသက်(၂၀)အောက် အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ထားဝယ်ခရိုင်မှ ပထမ၊ မြန်မာ့ရိုးရာစစ်တုရင် အမျိုးသားအသင်းလိုက်(အလွတ်တန်း)ပြိုင်ပွဲတွင် မြိတ်ခရိုင်မှ ပထမ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသားအသင်းလိုက် (အလွတ်တန်း)ပြိုင်ပွဲတွင် မြိတ်ခရိုင်မှပထမဆုများ အသီးသီးရရှိခဲ့ကြသည်။

           

ပြိုင်ပွဲများတွင် ပထမဆုနှင့် ဒုတိယဆုရရှိကြသော အားကစားသမားများကို လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

 

1

 

ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအပြီးတွင် ပြိုင်ပွဲကျင်းပ ရေးကော်မတီမှ တနင်္သာရီတိုင်းဒေသကြီးအဆင့် လက်ရွေးစင် အားကစားသမား(၁၆)ဦးကို ရွေးချယ်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် မြန်မာ့ရိုးရားစစ်တုရင် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို မေလ(၁)ရက်မှ(၈)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

1