မန္တလေး ၈ ဧပြီ
မန္တလေးမြို့ ကျုံးအရှေ့ဘက် ပလက်ဖောင်းကို သင်္ကြန်အကြိုနေ့ (ဧပြီလ ၁၃) တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ကျုံးအရှေ့ဘက် ပလက်ဖောင်းကို ဧဒင်ကုမ္ပဏီအုပ်စုမှ လှူဒါန်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကုမ္ပဏီ၏ အစီစဉ်ဖြင့် ပြုပြင်မှုဆောင်ရွက်ခဲ့တာ ဖြစ်ပါသည်။ အဆိုပါ ပလက်ဖောင်းတွင် ပန်းဥယျာဉ်များ၊ ပြည်သူများ နားနေနိုင်ရန် ထိုင်ခုံများ ချထားပေးခြင်း၊ မီးလုံးများ အလှဆင်ထားခြင်း၊ ထိုင်းနိုင်ငံမှ မှာယူထားသည့် သစ်ပင်များဖြင့် အလှဆင်ထားခြင်း၊ မသန်စွမ်းသူများအတွက် ဝှီးချဲလ်ဖြင့် သွားလာနိုင်ရန် နေရာများ စီစဉ်ထားခြင်းများပါ ပါရှိကြောင်း သိရသည်။
‘မီးလုံးအလှတွေ တပ်ဆင်ထားတယ်၊ အင်တာနက် အသုံးပြုနိုင်အောင် ဝိုင်ဖိုင်လည်း တပ်ဆင် ပေးထားပါတယ်။ ညနေဆည်းဆာကိုလည်း ကြည့်ရှုနိုင်အောင် ပြည်သူတွေ အနားယူ နိုင်အောင် ခုံတန်းလျားတွေ ရှိတယ်။ မသန်စွမ်းသူတွေ သွားလာနိုင်ဖို့ ဆောင်ရွက်ထားတာတွေက ပြီးသလောက်ရှိပြီ။ ဒါကြောင့် သင်္ကြန်အကြို ဧပြီလ ၁၃ ရက် မနက်မှာ ဖွင့်နိုင်အောင် ဆောင်ရွက်မှာပါ’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ပြည်သူများ အန္တရာယ် မဖြစ်စေရန်အတွက် ကျုံးနှင့် ပလက်ဖောင်းကြားတွင် သစ်ပင်များ စိုက်ထားပြီး စတီးကြိုးများ တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။ ကျုံးပလက်ဖောင်း ပြုပြင်မှုပြီးပါက စီစီတီဗွီ ကင်မရာများ တပ်ဆင်သွားမည်ဖြစ်သည်။
သင်္ကြန်မတိုင်မီ အဆိုပါ ကျုံးပလက်ဖောင်းကို ဖွင့်လှစ်မည်ဆိုပါက သစ်ပင်များ ပျက်စီးမည်ကို စိုးရိမ်မှုများ ရှိနေသည်။
‘တော်တော်များများက သင်္ကြန်တွင်းမှာ ပစ္စည်းတွေ၊ ပန်းပင်တွေ ပျက်စီးမှာစိုးရိမ်တယ်။ တကယ်တန်းကျတော့ သစ်ပင်တွေက နုသေးတဲ့အတွက် မဆင်မခြင်နဲ့ လုပ်မယ်ဆိုရင်လည်း ထိခိုက်နိုင်ပါတယ်။ ကျုံးတောင်ဘက် အဆင့်မြင့် သန့်စင်ခန်း လုပ်တယ်။ ညစ်ပတ်မှာ ပျက်စီးမှာ စိတ်ပူတယ်။ တကယ်လက်တွေ့ကျတော့ လူတွေက အဆင့်မြင့်မြင့်ထားရင် အဆင့်မြင့်မြင့်နေ တက်တာတွေ့ရတယ်။ အဲတော့ကျုံးအရှေ့ဘက်မှာ သစ်ပင်အလှတွေ မီးလုံးအလှတွေ၊ ခုံတွေကို လူတွေက အဆင့်မြင့်မြင့် အဆင့်ရှိရှိနဲ့ နေထိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားတယ်’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
အိမို့မို့ခိုင်


