နေပြည်တော် ၈ ဧပြီ
ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် Royal ACE ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းနှင့် ရဲတပ်ဖွဲ့များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Md Shafeenul Islam, ndc, psc နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီး၍ ပြန်လည်လွတ်မြောက်လာသော နိုင်ငံသားများအား အပြန်အလှန်လွှဲပြောင်းပေးရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်နှင့် ကွပ်ကဲရေးမှူးအဆင့်များတွင် အလံတင် အစည်းအဝေးများ ပုံမှန်ကျင်းပရေး၊ မောင်တော-တက္ကနာ့ဖ် နယ်စပ်ဆက်ဆံရေးရုံးတို့၏ ပထမအကြိမ်အစည်း အဝေးကျင်းပရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတစ်လျောက် နှစ်ဘက်ညှိနှိုင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် နိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


