မန္တလေး ၈ ဧပြီ
ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော် ကျင်းပရန် ကျုံးအနောက်ဘက်ခြမ်းတစ်လျှောက်၌ ပေတစ်ရာအကျယ်ရှိ ရေကစား မဏ္ဍပ်များ စတင်ဆောက်လုပ် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျုံးအနောက်ဘက်ခြမ်းတွင် ဆောက်လုပ်မည့်မဏ္ဍပ်နေရာများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ လေလံစနစ်ဖြင့် နေရာချထား ပေးခဲ့ခြင်းဖြစ်ပြီး လေလံအောင်မြင်သူများအား မတ်လ ၂၃ ရက်နေ့မှ စတင်ဆောက်လုပ်ခွင့်ပြုခဲ့ကာ သင်္ကြန်အပြီး ဧပြီ ၂၃ ရက်နေ့တွင် ၄င်းမဏ္ဍပ်များအား အပြီးပြန်လည်ဖျက်သိမ်း ပေးရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးကျော်ဆန်းမြင့်က ပြောသည်။
"ကျုံးအနောက်ဘက်ခြမ်းမှာ ဆောက်လုပ်နေကြတဲ့ ရေကစားမဏ္ဍပ်ကြီးတွေအနေနဲ့ကတော့ သတ်မှတ်ထားတဲ့ လေလံစည်းကမ်းအတိုင်း လိုက်နာပြီး ဆောက်လုပ်ကြဖို့ လိုပါတယ်။ လိုက်လံစစ်ဆေးလို့ သတ်မှတ် စည်းကမ်းအတိုင်း ညီညွတ်မှုမရှိရင် ပြန်လည်ပြင်ဆင် ဆောက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျုံးတောင်ဘက်ခြမ်းမှာ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးခြားတဲ့ အစီအစဉ်တွေ ပြင်ဆင်မှုတွေနဲ့ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ် ''ဟု ၎င်းကပြောသည်။
ယခုနှစ်မန္တလေးသင်္ကြန်တွင် ယခင်နှစ်များက ကျင်းပခဲ့သည့် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်ပွဲတော်များအပြင် ထူးခြားစွာ ထည့်သွင်းထားသည့် အညာသင်္ကြန်ပွဲတော်အစီအစဉ်လည်း ပါဝင်မည်ဖြစ်ပြီး အဆိုပါပွဲတော်ကို ကျုံးအရှေ့ဘက်ခြမ်း ၂၅ လမ်းနှင့် ၂၆ လမ်းကြားတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ သင်္ကြန်အကျနေ့နှင့် အကြတ်နေ့တို့တွင် နိုင်ငံတကာ သံရုံးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများလည်း တက်ရောက်ပါဝင်ဆင်နွှဲ လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။
မင်ထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်


