မန္တလေး ၈  ဧပြီ

 

၂၀၁၉ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် သံချပ်ပြိုင်ပွဲတွင် သံချပ်အဖွဲ့ (၁၂)ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဧပြီလ (၈)ရက် နေ့လည် (၁)နာရီက ကျင်းပသည့် သင်္ကြန်သံချပ်အဖွဲ့များ စိစစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ သိရှိရသည်။

 

မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် သံချပ်ပြိုင်ပွဲတွင် ယခင်နှစ်က ပထမဆုကို ငွေကျပ် ၁၅ သိန်း၊ ဒုတိယ ဆုကို ငွေကျပ် ၁၂ သိန်း၊ တတိယဆုကို ငွေကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ် ၅ သိန်း ချီးမြှင့်ခဲ့ရာ ယခုနှစ်ပြိုင်ပွဲတွင် ပထမဆုကို ငွေကျပ်သိန်း ၃၀၊ ဒုတိယဆုကို ငွေကျပ်သိန်း ၂၀၊ တတိယဆုကို ငွေကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ် ၇ သိန်း တိုးမြှင့်ကာ ဆုများချီးမြှင့်သွားမည် ဖြစ်သည်။

 

၂၀၁၉ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် သံချပ်ပြိုင်ပွဲတွင် မုံရွာမြို့မှ ဒေါင်းတွန်သံ သံချပ်အဖွဲ့၊ နွေကြိုငှက်သံချပ်အဖွဲ့၊ ကာဒိုင်းသံချပ်အဖွဲ့နှင့် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့၊ အောင်မြေသာစံမြို့နယ်မှ အောင်စံမောင် သံချပ်အဖွဲ့၊ ဗျောက်သံချပ်အဖွဲ့နှင့် အောင်မြေခွပ်ဒေါင်းသံချပ်အဖွဲ့၊ ချမ်းအေးသာစံမြို့နယ်မှ ဒုတိယရေသောက်မြစ် သံချပ်အဖွဲ့နှင့် ဟိုထိုးဒီထိုး ရွှေလက်ညိုး သံချပ်အဖွဲ့၊ ပြည်ကြီးတံခွန် မြို့နယ်မှ ခေတ်သစ်ငဘ သံချပ်အဖွဲ့နှင့် ခွပ်ဒေါင်းမိခင်သိစေချင် သံချပ်အဖွဲ့၊ ချမ်းမြသာစည်မြို့နယ် ကိုယ်စားပြု မန္တလေး နည်းပညာမောင်မယ်များ အဖွဲ့ဖြစ်သည့် မျိုးဆက်သစ် အင်/ယာ သံချပ်အဖွဲ့ စသည့်သံချပ်အဖွဲ့ (၁၂)ဖွဲ့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

သံချပ်ပြိုင်ပွဲကို သင်္ကြန်အကြိုနေ့၊ အကျနေ့နှင့် အကြတ်နေ့များတွင် မနော်ရမ္မံကွင်း ပြည်ထောင်စုသင်္ကြန် မဏ္ဍပ်တွင် ညနေ (၄)နာရီမှ (၉)နာရီထိ တစ်ရက်လျှင် (၄)ဖွဲ့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သံချပ်တစ်ဖွဲ့လျှင် ပြိုင်ပွဲဝင်ချိန် (၄၅)မိနစ်ဖြစ်ကာ ပြိုင်ပွဲဝင် ဦးရေကိုလည်း သံချပ်အဖွဲ့တစ်ဖွဲ့လျှင် (၃၀)ဦးထက်မနည်း (၄၀)ဦးထက်မများစေရန် သတ်မှတ်ထားသည့်အပြင် သီခြား စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားသည်။

 

၂၀၁၈ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် သံချပ်ပြိုင်ပွဲတွင် သံချပ်အဖွဲ့ (၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပြည်သူ့ဂုဏ်ဆောင် အောင်စံမောင် တိုင်းကျိုးပြည်ပြု သံချပ်အဖွဲ့(မန္တလေး)က ပထမဆုကိုလည်းကောင်း၊ တိုးတက်သောလူငယ်များ၏ လူထုကိုယ်စားပြု ကာဒိုင်းသံချပ်အသင်း (မုံရွာ)က ဒုတိယဆုကိုလည်းကောင်း၊ ဒုတိယရေသောက်မြစ် မန္တလေးသံချပ်အသင်းက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြောင်း သိရှိရသည်။

 

ထွန်းထွန်းနိုင်       

 

2