ရန်ကုန် ၈ ဧပြီ
ရန်ကုန်မြစ်အနောက်ဘက်ရှိ တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့အား မြို့သစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်မြို့သစ်စီမံကိန်း မဟာအစီအစဉ်အနေဖြင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့သည်။
လူထုတွေ့ဆုံပွဲတွင် New Yangon Development Company Limited (NYDC) မှ ဒီဇိုင်းတာဝန်ခံ ဒေါ်အေးအေးခိုင် က “ ရန်ကုန်မြို့သစ်စီမံကိန်းတွင်ပါဝင်သည့် တွံတေးမြို့နယ်၌ မြေဧက ၈၅% မှာ လယ်ယာမြေများ ဖြစ်ပြီး မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ပြန်လည်အသုံးချနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ မြို့မြေ ၂၀% ကို လက်ရှိ လယ်ယာမြေပိုင်ဆိုင်တဲ့ ပြည်သူတွေကို ပြန်လည် နေရာချထားပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး သဘောတူခွင့်ပြုထားပြီးဖြစ်ကြောင်း၊ မြို့သစ်စီမံကိန်းသည် ဧက(၂၂၀ဝ၀)ကျော်ရှိပြီး လက်ရှိတွင် ရွာမြေ၊ မြို့မြေနှင့် မြစ်၊ ချောင်း၊ အင်းအိုင်များနှင့် အခြားမြေများရှိကြောင်း၊ မြေဧရိယာ စုစုပေါင်း ၉၀ စတုရန်းကီလိုမီတာရှိကြောင်း၊ (၂၈) စတုရန်းကီလိုမီတာ တွင် စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနဲ့ လူနေထိုင်မှုဧရိယာ အပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သည့် မြို့မြေပေါ်တွင် အကောင်အထည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်နေရာချထား မည့် မြို့မြေများကိုလည်း မြို့ပြအင်္ဂါရပ်တွေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းသည် အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နေချင်စရာမြို့တော် ဖြစ်လာစေရန် ရည်ရွယ်ချက်(၂)ခုဖြင့် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း ” ပြောကြားခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကာလကို အနှစ်(၃၀) စနစ်တကျအကောင်အထည်ဖော်မည်ဖြစ်ပြီး၊ လူဦးရေ(၁၂)သိန်းကျော် နေထိုင်နိုင်ပြီး (၉)သိန်းကျော်ကို အလုပ်အကိုင်၊ အိမ်နေရာနှင့် စီးပွားရေးလုပ်ငန်းများကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့သစ်တည်ဆောက်ရေး လုပ်ငန်း ပထမအဆင့် ကနဦး အခြေခံ အဆောက်အအုံဆောက်လုပ်ခြင်း အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံကျော် ကုန်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းတွင် ရွာမြို့နယ်(၅)ခု၊ တံတား(၂)စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် သဘာဝပတ်ဝန်းကျင်ဆန်းစစ်လေ့လာခြင်းဆိုင်ရာ(ERM) တာဝန်ခံ ဒေါ်ခင်စုစုနိုင် က မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ လေထုညစ်ညမ်းမှုတိုင်းတာခြင်း၊ မြေအောက်ရေ၊ မြေပေါ်ရေ၊ မြစ်၊ ချောင်း၊ ရေတွင်း၊ ရေကန်၊ ဇီဝမျိုးစိပ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ပတ်ဝန်းကျင်ဆန်းစစ်လေ့လာခြင်းနှင့် လူထုသဘောထားစစ်တမ်းကို ကောက်ယူရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ လူထုတွေ့ဆုံပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


