နေပြည်တော်  ၈   ဧပြီ

 

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections, PACE) နှင့် ဖန်တီးအိမ်အဖွဲ့တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့် လေ့လာ ရေးအပြီးသတ်အစီရင်ခံစာ တင်ပြဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှစတင်ကာ ပြည်တွင်း၊ ပြည်ပ  ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များကို စောင့်ကြည့်လေ့လာခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ဆက်လက်ခွင့်ပြုပေးခဲ့ပြီး စောင့်ကြည့်လေ့လာ သူများအတွက် ကျင့်ဝတ်နှင့်လုပ်ငန်းစဉ်များ ရေးဆွဲထုတ်ပြန်ခဲ့ကြောင်း၊ PACE အဖွဲ့သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှစတင် လေ့လာခဲ့သည့်အဖွဲ့ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာရှိမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဟူသည့် စံ (၅) ချက်နှင့်အညီ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ရွေးကောက်ပွဲမသမာမှုများကို ဟန့်တားနိုင်ရန်အတွက် စောင့်ကြည့် လေ့လာရေးအဖွဲ့များအား ဆက်လက်ဖိတ်ကြားခွင့်ပြုသွား မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ တင်ပြအစီရင်ခံစာပါ သုံးသပ် အကြံပြုချက်များအပေါ် အလေးထားပြီး ဆောင်ရွက်နိုင်သည့်အခြေအနေပေါ် မူတည်၍ ရွေးကောက်ပွဲများ ပိုမိုကောင်းမွန် စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ PACE မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးလုပ်ငန်းစဉ်များ၊ စောင့်ကြည့်လေ့လာရေးနည်းစနစ်များနှင့် စောင့်ကြည့်လေ့လာတွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

(သတင်းစဉ်)

 

1.02