နေပြည်တော်  ၈  ဧပြီ

 

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ရန်ကုန်-မန္တလေး အမြန်လမ်း အသုံးပြုနေသည့် ခရီးသည်တင် Express ယာဉ်များ၊ Mini Bus များ၊ ဘုရားဖူးယာဉ်များ၊ Telematic စနစ် တပ်ဆင်ထားသောယာဉ်များနှင့် Light Truck ယာဉ်များ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ကြံ့ခိုင်မှုကို ယနေ့တွင် နေပြည်တော်တိုးဂိတ်၌ စတင် စစ်ဆေးလျက်ရှိသည်။

 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန(ကညန)၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့နှင့်     အမြန်လမ်းကြက်ခြေနီအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးနေခြင်းဖြစ်သည်။

 

ထိုသို့ စစ်ဆေးရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် တာယာကောင်း/မကောင်း၊ မီးသတ်ဆေးဗူးများပါ/မပါ၊ ခရီးသည်များ၊ ယာဉ်မောင်းများ ခါးပတ်ပတ်ထားခြင်းရှိ/မရှိတိိုု့ကို အဓိကထားစစ်ဆေးပြီး တွေ့ရှိချက်များအနေဖြင့် ခရီးသည် တင် Express ယာဉ်များတွင် တာယာပန်းများ ၄၀ ရာခိုင်နှုန်းအောက်သာ အများစုရှိခြင်း၊ နောက် ဘယ်ဖက်ဘီးများတွင် ကြံ့ခိုင်မှုအားနည်းသည့် တာယာများကို အသုံးပြုမှုများပြားခြင်း၊ မီးသတ်ဆေးဗူးများ သတ်မှတ်ချက်မပြည့်စုံခြင်း၊ ခရီးသည်များ ခါးပတ်ပတ်မှုမရှိခြင်း၊  ခါးပတ်ပတ်နိုင်အောင် ဆောင်ရွက်ထားမှု အခြေအနေ နည်းပါးခြင်းများကို တွေ့ရှိရကြောင်း သိရသည်။

 

ထို့ပြင် အိမ်စီးယာဉ်များတွင် လေပေါင်ချိန်မညီခြင်း၊ သတ်တမ်းလွန်တာယာ အသုံးပြုခြင်းများ နှင့်  Light Truck ယာဉ်များတွင် တာယာပန်းများ ၂၅ ရာခိုင်နှုန်းအောက်သာ အများစုရှိခြင်း၊ သတ်မှတ်တာယာအရွယ်အစားမညီခြင်း၊ မီးသတ်ဆေးဗူးမပါရှိခြင်း၊ သတ်မှတ် လူဦးရေထက်ပိုမို တင်ဆောင်ခြင်း များကို အများဆုံးတွေ့ရှိရသည်ဟု သိရသည်။

 

“ယာဉ်ရဲ့ ကြံ့ခိုင်မှုနဲ့ သတ်မှတ်လိုင်စင်နဲ့မောင်း၊မမောင်းကို အဓိကားပြီး စစ်ပါတယ်။ လောလောဆယ်မှာ ကားတာယာတွေက ပန်းကုန်တာတွေများတဲ့အတွက် တာယာ လဲဖို့ သတိပေးပါတယ်။ အခုအချိန်ထိ အများဆုံးတွေ့တာကတော့ မီးသတ်ဆေးဗူး မပါတာနဲ့ ကားတာယာပွိုင့်ပါးတာဖြစ်ပါတယ် ” ဟု  အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူး ရဲကြည်က ပြောသည်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းအသုံးပြုနေသည့် ယာဉ်စီးရေသည်  တစ်နေ့လျှင် ပျှမ်းမျှ  ၄၅၀ဝ နှင့် ၅၀ဝ၀ ကြားရှိပြီး ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ ခရီးရောက်ရှိ နိုင်ရေးအတွက်  ယခုကဲ့သို့ ကြပ်မတ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

“ ကျွန်တော်တို့က  အခုလို စစ်ဆေးတာ ကုသိုလ်ဖြစ်လုပ်တယ်လို့တောင် သဘောထားပါတယ်။ အခုလို စစ်ဆေးခြင်းအားဖြင့်  ယာဉ်မောင်းတွေက သူတို့ကားရဲ့ ကြံ့ခိုင်မှုကို သူတို့စစ်ရပါမယ်။ ဘာတွေလိုအပ်တယ်၊ ဘာတွေပြင်ဆင်ရမယ်ဆိုတာ သူတို့ကို အသိပေးပါတယ်။ ယာဉ်တစ်စီးဟာ ခရီးဝေးသွားတော့မယ်ဆိုရင် ယာဉ်ရဲ့ အောက်ပိုင်း ကြံ့ခိုင်မှု၊ ဖရိန်ပိုင်း၊ တာယာပိုင်းကို အဓိကကြည့်ရပါတယ်။ ကြံ့ခိုင်မှုရှိမှ၊ သူတို့သွားလိုတဲ့ ခရီးကို ရောက်ရှိမှာဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ ရည်ရွယ်ရာ ၊သွားလိုတဲ့နေရာကို ချောချော မွေ့မွေ့ရောက်ဖို့က အရေးကြီးပါတယ်။ လူ့အသက်တွေ ဆုံးရှုံးမှုကနေ  တတ်နိ်ုင်တဲ့ဖက်က ကာကွယ်ပေးခြင်းဖြစ်ပါတယ်” ဟု ရဲမှူး ရဲကြည်က ဆက်လက် ပြောကြားသည်။

 

အဆိုပါစစ်ဆေးမှုကို အမှတ်(၃) လမ်းဆုံတိုးလ်ဂိတ်၊ နေပြည်တော်တိုးလ်ဂိတ်၊ စကားအင်းတိုးလ်ဂိတ် စသည့် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် နေရာ(၃) ခု သတ်မှတ်၍ မိုဘိုင်းလ်စနစ်ဖြင့်  တစ်ပတ်လျှင် သုံးကြိမ် ရွှေ့ပြောင်းစစ်ဆေး သွားမည်ဖြစ်သည်။

 

ယခုကဲ့သို့ စစ်ဆေးခြင်းနှင့် ပတ်သက်၍ မုံရွာ မှ ရန်ကုန်သို့ သွားမည့်  ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမိုးက  “ ယာဉ်မတော်တဆမှုတွေ ဖြစ်နေကြတာတွေ မြင်နေ၊ တွေ့နေရတာ မကောင်းဘူး။ အခုလို စစ်ဆေးတော့ ယာဉ်မောင်းတွေလည်း အရှိန်ပြင်းပြင်း မမောင်းတော့ဘူး။ ထိန်းသိမ်းသွားတော့ အန္တရာယ်ကင်းဘေးရှင်းတာပေါ့ ။ ဒီလို စည်းကမ်း တကျလုပ်တာ ကောင်းပါတယ်။ စည်းကမ်း လိုက်နာနိ်ုင်ရင်တော့  အသက်အန္တရာယ်လည်း ကင်းရှင်းသွားမှာပါ “ ဟု ပြောသည်။

 

မိတ္ထီလာမှ ကျိုက်ထီးရိုး ဘုရားဖူးသွားမည့် Light Truck ယာဉ်မောင်း ကို ဖြူသိန်း က “  အခုလို စစ်ဆေးတာ ပိုကောင်းပါတယ်။ ပိုပြီးစည်းကမ်းရှိသွားတော့ ယာဉ်မောင်းတွေ အတွက် ရော၊ ခရီးသည်တွေအတွက်ပါ ဘေးကင်းလုံခြုံသွားပါတယ် “ ဟု ဆိုသည်။

 

ပညာပေးကာလကို တစ်လသတ်မှတ်ထားပြီး  တွေ့ရှိချက်များကို တာဝန်ရှိသူ၊ ယာဉ်မောင်းကို အသိပေး လက်မှတ်ရေးထိုးပြီး မှတ်တမ်းရယူထားကြောင်း၊ နောက်တစ်ကြိမ် ထပ်မံတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်-ရန်ကုန် ခရီးသည်တင်ယာဉ်မောင်း ကိုရန်နိုင်က “ အခုလို စစ်လိုက်တော့ အကုန်လုံး ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားပါတယ်။ တချို့က စစ်နေတုန်း တစ်ချိန်ပဲ စည်းကမ်းရှိတာ။ မစစ်တော့ရင် ပြောင်းလဲသွားတဲ့အတွက် အမြဲတမ်းလုပ်နိုင်ရင် ပိုကောင်းပါတယ်။ ယာဉ်မောင်းက လိုအပ်ချက်ရှိသလို ကားတွေ၊ လမ်းတွေကလည်း လိုအပ်ချက်ရှိမှာပဲ။ လမ်းမကောင်းဘူးဆိုရင်တောင် ယာဉ်မောင်းက အကုန်လုံးကို ထိန်းချုပ်ထားတဲ့အတွက် ကိုယ်က  ထိန်းသိမ်းစွာနဲ့ မောင်းရင် ကိုယ်ကားပေါ်မှာပါတဲ့ ခရီးသည်တွေ ဘေးကင်းလုံခြုံစွာ လိုရာခရီးရောက်မှာ ဖြစ်ပါတယ် ”ဟု သုံးသပ်သည်။

 

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် အရှိန်ထိန်း ဖမ်းစက်များနှင့် စစ်ဆေးဆောင်ရွက်လျက်ရှိသလို Alcohol Tester များနှင့်လည်း အရက်သေစာသောက်စားမှု ရှိမရှိ ကြပ်မတ်စစ်ဆေးလျက်ရှိသည်။

 

ထို့ပြင် ယခုအခါ ရန်ကုန်မန္တလေးအမြန်လမ်းအသုံးပြုယာဉ်များ၏ ကြံ့ခိုင်မှုပူးပေါင်း စစ်ဆေးရေးအဖွဲ့က ယာဉ်လိုင်းများ၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများ လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားပြီး လိုက်နာခြင်းမရှိသည့် ယာဉ်များကို  အမြန်လမ်းတွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ကြေညာထားသည်။

 

အမြန်လမ်းတွင် သွားလာနေသည့် ပြည်သူများ ဘေးအန္တရာယ် မကျရောက်စေရန် အဓိကထား ဆောင်ရွက်နေခြင်းဖြစ်ပြီး ပညာပေးကာလဖြစ်သည့်အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လည်း အမြန်လမ်းမီးသတ်စခန်းကွပ်ကဲမှု ၊လက်ထောက် ညွှန်ကြားရေးမှုး ဦးအောင်ဇော်ဌေး က ပြောသည်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနစ်က ယာဉ်မတော်တဆ မှုပေါင်း ၄၇၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၃ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈၄ ဦး ရှိခဲ့သည်။ ယခုနှစ် ဧပြီ ၂ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၁၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

 

“စစ်ဆေးလုပ်ဆောင်နေတာတွေက ပြည်သူလူထုအတွက်ပါ။ မဖြစ်ခင် ကြိုတင် ကာကွယ်တာပါ။ ဒီလိုစစ်ဆေးပြီး လိုအပ်ချက်တွေကို ယာဉ်မောင်းတွေဖက်ကလည်း ပြင်မယ်ဆိုရင် ယာဉ်မတော်တဆမှုတွေ လျော့ကျ သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် လျော့ကျနိုင်မှာပါ။ သူတို့ လိုက်နာတဲ့ပေါ်မှာတော့မူတည်တာပေါ့ ” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရေးပေါ် လူနာတင်ယာဉ်အဖွဲ့ မန်နေဂျာ ဒေါ်နီနီမိုးက သုံးသပ်သည်။

 

သတင်း-နန္ဒာဝင်း၊ ဓါတ်ပုံ-ထန်ဖုန်

 

DSC_867