နေပြည်တော်  ၈   ဧပြီ

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဧပြီ (၅)ရက်မှ (၇)ရက်အထိ အမှတ်(၇)စက်မှု သင်တန်းကျောင်း(မုံရွာ)၊ အမှတ်(၄) စက်မှုသင်တန်း ကျောင်း (ပခုက္ကူ)၊ အမှတ်(၆)အထည်စက်ရုံ(ဆားလင်းကြီး)နှင့် အမှတ်(၅)အထည်စက်ရုံ (ပခုက္ကူ) တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ(၅)ရက် ညနေပိုင်းတွင် အမှတ်(၇)စက်မှု သင်တန်းကျောင်း(မုံရွာ) စီမံကိန်းသို့ရောက်ရှိပြီး မော်တော်ကားပြုပြင်ထိန်းသိမ်းရေး သင်တန်းအလုပ်ရုံ၊ သတင်းအချက်အလက်နှင့် နည်းပညာသင်တန်းအလုပ်ရုံ၊ လျှပ်စစ် သင်တန်းအလုပ်ရုံ၊ CNC သင်တန်းအလုပ်ရုံ၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်သင်တန်း အလုပ်ရုံများတွင် သင်ထောက်ကူစက်နှင့်စက်ပစ္စည်းများ နေရာချတပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် သင်တန်းကျောင်းဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြေရှင်းပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၆)အထည်စက်ရုံ(ဆားလင်းကြီး)သို့ ရောက်ရှိရာ တာဝန်ရှိသူများက လက်ရှိဝန်ထမ်းအင်အားနှင့်ကုန်ထုတ်လုပ်မှုအခြေအနေ၊ ရှေ့ဆက် ဆောင်ရွက် သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည်စက်ရုံတွင် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းစိမ်းတူညီဝတ်စုံများ ချုပ်လုပ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန်အရည်အသွေးကောင်းမွန်မှုကို အမြဲတမ်းထိန်းသိမ်းထားရန်၊ ဈေးကွက်ဝင် ထုတ်ကုန်အမယ်သစ်များ တိုးချဲ့ထုတ်လုပ်ရန်မှာကြားသည်။
 

ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ(၆)ရက် ညနေပိုင်းတွင် အမှတ်(၄)စက်မှု သင်တန်း ကျောင်းသို့ရောက်ရှိရာ သင်တန်းကျောင်းကျောင်းအုပ်ကြီးမှ ပုံမှန်(၁)နှစ် သင်တန်းနှင့် ရွေ့လျားစက်မှုသင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေ၊ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ (၅)နှစ်တာသင်တန်းကျောင်းဘက်စုံပြုပြင်ထိန်းသိမ်းရေး စီမံကိန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများ၏ အဓိက ရည်ရွယ်ချက်မှာ သင်တန်းသားများအား မိမိခြေထောက်ပေါ်မိမိရပ် တည်နိုင်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို တက်မြောက်သည်အထိလေ့ကျင့် သင်ကြားပေးရန်ဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် အခက်အခဲမရှိလုပ်ကိုင်နိုင်အောင် စာတွေ့လက်တွေ့ကို သင်တန်းကျောင်းမှာပင် စနစ်တကျလေ့ကျင့်သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင်စက်မှုသင်တန်းကျောင်းများမှ ဘာသာရပ်တူသင်တန်းများအတွက် Standard Common Curriculum ရေးဆွဲသင်ကြားသွားရန် မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ(၇)ရက် နံနက်ပိုင်းတွင် အမှတ်(၅)အထည် စက်ရုံသို့ရောက်ရှိပြီး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်တွင်  လုပ်သားများဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အကာအကွယ်ပစ္စည်းများ ပြည့်စုံစွာဝတ်ဆင်ကြရန်၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေရေးအတွက် ကုန်ထုတ်လုပ်ငန်းစဉ်တစ်လျှောက် တာဝန်ရှိသူအဆင့်ဆင့်မှ တိတိကျကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

           

(သတင်းစဉ်)

 

23