ပွင့်ဖြူ ၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ ဂျပန် - အင်္ဂလိပ် စကားပြောသင်တန်း အမှတ်စဉ်(၂/၂၀၁၉)သင်တန်းဆင်းပွဲကို ဧပြီ ၇ ရက်၊ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က အဖွင့်အမှာစကား ပြောကြားပြီး ၊ ပွင့်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က နွေရာသီ ဂျပန် - အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်သင်ကြားခြင်းနှင့် စပ်လျဉ်း၍ ဂုဏ်ပြုစကား ပြောကြားသည်။ ဆက်လက်၍ ပွင့်ဖြူမြို့နယ် နွေရာသီ နိုင်ငံခြားဘာသာ ဂျပန် - အင်္ဂလိပ်စကားပြောသင်တန်းဖြစ်မြောက်ရေးကော်မတီဝင် ဦးညွန့်ဝင်း က သင်တန်းဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြသူများကို ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက နိုင်ငံခြား ဘာသာ ဂျပန် - အင်္ဂလိပ်စကားပြောစွမ်းရည်ဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဂျပန်စကားပြော သင်တန်းနည်းပြဆရာ ဦးသိန်းရွှေနှင့် အင်္ဂလိပ်စကားပြော သင်တန်းနည်းပြဆရာ ဦးသန်းတင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်းပြီး အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားရာ သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ ဦးဇော်ဝင်းခိုင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက နွေရာသီ နိုင်ငံခြားဘာသာ ဂျပန် - အင်္ဂလိပ် စကားပြောသင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများကို ဂုဏ်ပြုဆုများ တစ်ဦးချင်းအလိုက် ပေးအပ် ချီးမြှင့်ကြပြီး သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ နွေရာသီ နိုင်ငံခြားဘာသာ ဂျပန် - အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ နှင့် ဖိတ်ကြားထားသည့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူ ၂၆၀ ဦးတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)



