ရန်ကုန် ၈ ဧပြီ
AFoCO စီမံကိန်း အဆိုပြုလွှာရေးဆွဲခြင်းဆိုင်ရာသင်တန်း Development of Project Proposals, သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီ၌ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင်ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကားပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO )တွင် အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFoCO) ၏ အဖွဲ့ဝင်နိုင်ငံများအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်း အမြစ် မြှင့်တင်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သင်တန်းကို AFoCO စီမံကိန်းများကို သိမြင်နားလည်မှု မြင့်တက်လာစေရန်၊ စီမံကိန်းရေးဆွဲဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်စေရန်နှင့် AFoCO ၏ မဟာဗျူ ဟာနှင့် စီမံကိန်းလက်စွဲများနှင့်အညီ သင်တန်းသားများ၏ စီမံကိန်းနှင့် အဆိုပြုလွှာရေးဆွဲခြင်း ဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်လျက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် AFoCO အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘူတန်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမောနှင့် ဗီယက်နမ် နိုင်ငံတို့မှ သင်တန်းသား (၂၄)ဦးနှင့် အဆိုပါနိုင်ငံတို့မှ ပညာရှင်များ၊ သင်တန်းဆရာများ၊ သင်တန်းသား များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပြီး၊ သင်တန်းကို ဧပြီ ၈ ရက်မှ ၁၂ ရက်အထိ (၅)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


