နေပြည်တော် ၈ ဧပြီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ကုန်သွယ်ရေး ကိုယ်စားလှယ် Mr. Karl Ehlers နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel တို့အား ယနေ့နံနက် ၁၁ နာရီခွဲ ဝန်ကြီးရုံး တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား Trade and Investment Framework Agreement ကို လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာခဲ့ပြီး အနာဂတ်တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍများ၌ မြန်မာ့လယ်ယာထွက်ကုန်များကို အဓိက အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


