နေပြည်တော်  ၈  ဧပြီ

 

ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် စတင်ထုတ်ပေးသည့် ဇန်နဝါရီ ၂ ရက်မှ မတ် ၃၁ ရက်အထိ Operator(၆၃၄၁၉)ဦးနှင့် အသုံးပြုသည့်ယာဉ်စီးရေ (၉၁၆၆၉)စီးအား လုပ်ငန်းလိုင်စင်များ ထုတ်ပေးနိုင်ခဲ့ပြီး  အခက်အခဲများ၊ ပြဿနာများ၊ နှောင့်နှေးကြန့်ကြာမှုများ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကြုံတွေ့ခဲ့ရသော်လည်း ၎င်းအခက်အခဲများကို အချိန်တိုအတွင်း ကျော်လွှားနိုင်ရေးအတွက် ရုံးမိန့်များ၊ ညွှန်ကြားချက်များ ချက်ချင်းထုတ်ပြန်၍ ဖြေလျော့ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာနည်းဥပဒေ ပြင်ဆင်ရေးကိစ္စများကိုလည်း မှာကြားဆွေးနွေးသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးများက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေပါ ရည်ရွယ်ချက်များဖြစ်သည့် နိုင်ငံတော်အတွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပုဂ္ဂလိကခရီးသည်/ ကုန်စည်ပို့ဆောင်ရေးလိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်း ကူညီပူးပေါင်းဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)