နေပြည်တော်  ၈  ဧပြီ 

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာ၌ ဧပြီ ၅ ရက် နံနက်ပိုင်းက စစ်သည် ၂ ဦးက ဆိုင်ကယ်ငှားရမ်းရာမှ အချင်းများပြီး ကိုင်ဆောင် လာသည့် လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၇ ဦး သေဆုံးခဲ့ကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၃ နာရီခွဲခန့်တွင် ဘုရားသုံးဆူ-သံဖြူ ဇရပ်ကားလမ်း ဘေး အနန်းကွင်းကျေးရွာ အနောက်ဘက်ရှိ ကမ္ဘာရှားကားဝပ်ရှော့၌ စစ်သည် ၂ ဦးက ဆိုင်ကယ်ငှားရမ်းရာမှ အချင်းများကာ ကိုင်ဆောင်လာသည့် လက်နက်ငယ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အဆိုပါကားဝပ်ရှော့မှ ဦးမျိုးနောင်၊ ဦးစောနောင်၊ ဦးစိုးနောင်၊ ဒေါ်မိရှမ်း၊ မောင်အနက်(ခ)ကောင်းခန့်၊ မရွှန်းသဒ္ဒါမောင်(ခ) မလို့ကာရားနှင့် မဝါချီဒါးတို့ ၇ ဦးမှာ လက်နက်ငယ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ ဒေါ်မိပို(ခ)တင်ဇာလွင်မှာ ဝဲဘက်နံစောင်း၌ လက်နက်ငယ် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သဖြင့် တာဝန်ရှိသူများက မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း။

 

အဆိုပါ လက်နက်ဖြင့် ခွင့်မဲ့စစ်သည် ၂ ဦးအား ပြန်လည်ဖမ်းဆီးရမိစေရေး ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့စေပြီး အနန်းကွင်းကျေးရွာ လုံခြုံရေး တပ်စခန်းရှိ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေး အဖွဲ့အစည်းများ၊ တပ်မတော်လုံခြုံရေးစစ်ကြောင်းများဖြင့်ပူးပေါင်း၍ လိုက်လံရှာဖွေခဲ့ရာ ယင်းနေ့ညနေ ၆ နာရီခွဲခန့်တွင် တပ်သားမြင့်ဝေအား ဖာရာကျေးရွာ လမ်းဆုံ၌ လည်းကောင်း၊ ဧပြီ ၆ ရက် နံနက် ၁၁ နာရီခွဲ ခန့်တွင် တပ်သားငြိမ်းချမ်းအား အနန်းကွင်း ကျေးရွာအထွက်ရှိ ဘုန်းတော်ကြီး ကျောင်း၌ လည်းကောင်း ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်ခဲ့သည့် စစ်သည် ၂ ဦးအား လက်နက်ဖြင့် ခွင့်မဲ့ပျက်ကွက်မှု၊ အရက်သေစာ သောက်စားမူးယစ်မှုစသည့် စည်းကမ်းဖောက်ဖျက်မှုတို့အတွက် စစ်တရားရုံးဖြင့်ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် စစ်ဆေးအရေးယူ အပြစ်ပေးသွားမည်ဖြစ်ပြီး လူ ၇ ဦးအား သတ်မှုနှင့် လူ ၁ ဦးအား အပြင်းအထန်ဒဏ်ရာ ရရှိစေမှု တို့ကို အရေးယူနိုင်ရန်အတွက် တပ်မတော်အက်ဥပဒေပုဒ်မ ၇၂ အရ နယ်ဘက် တရားရုံးသို့ လွှဲပြောင်းစစ်ဆေး စီရင်စေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)