ရန်ကုန်  ၈  ဧပြီ 

 

လျှို့ဝှက်မဲစနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန် မြို့တော်ခန်းမ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာမဲဆန္ဒနယ် (၃) မှ မြို့တော်ကော် မတီဝင်နေရာအတွက် ရွေးကောက်တင်မြှောက်ခံရသည့် ဦးစိုးလွင်က ဒုတိယမြို့တော်ဝန်နေရာအတွက် ရွေးချယ်ခံရကြောင်း သိရသည်။

 

’’ဒုတိယမြို့တော်ဝန်နေရာကို မြို့တော်ဝင်အပါအဝင် အစိုးရခန့်ဗဟိုကော်မတီဝင် ငါးယောက်ရယ် အများပြည်သူက ရွေးချယ်လိုက်တဲ့ ခြောက်ယောက်ရယ် စုစုပေါင်း ၁၁ ယောက်က လျှို့ဝှက်မဲပေးစနစ်နဲ့ရွေးပါတယ်။ ကျွန်တော်ကဒုတိယ မြို့တော်ဝန် နေရာကို မဲအများဆုံးနဲ့ ရရှိခဲ့ပါတယ် ’’ ဟု ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသည့် ဦးစိုးလွင် က ပြောသည်။

 

ဆက်လက်၍ ၄င်းက ’’ ရန်ကုန်မြို့ရဲ့ လိုအပ်ချက်တွေကတော့ အများကြီးရှိ တယ်။ အမှန်တကယ် စည်ပင်သာယာဆိုတာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်။ ဝန်ဆောင်မှု ပေးတာတွေ လိုအပ်နေပါသေးတယ်။ ကြိုးစားပြီးလုပ်ရမှာပါ။ အစကနေ ပြန်လုပ်ရတဲ့သဘောမျိုးဖြစ်နေတယ်။ သက်တမ်း ၂ နှစ်အတွင်းမှာ ကြိုးစား ပြီးလုပ်သွားမှာပါ ’’ ဟုပြောသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရရွေးကောက်တင်မြှောက်ခံရသည့် မြို့တော်ကော်မတီဝင် ၆ ဦးထဲမှ တစ်ဦးကိုဒုတိယမြို့တော်ဝန် နေရာအတွက် ခန့်အပ်ရန် အစိုးရအဖွဲ့က ခန့်အပ်ထားသော မြို့တော်ဝင်အပါအဝင် ကော်မတီဝင် ၄ ဦး နှင့် ရွေးကောက်ခံကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၁ ဦးတို့က   လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

 

မတ်လ ၃၁ ရက်ကကျင်းပခဲ့သည့်  ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်တင် မြောက်ပွဲတွင် မြို့တော်ကော်မတီဝင် နေရာအတွက်  မဲဆန္ဒနယ် (၁) မှ ဦးဝင်းမြင့်သန်း၊မဲဆန္ဒနယ် (၂)မှ ဦးသူရအောင်၊ မဲဆန္ဒနယ် (၃)မှ ဦးစိုးလွင်၊မဲဆန္ဒနယ် (၄)မှဦးစိန်အုန်း၊ မဲဆန္ဒနယ် (၅)မှ ဒေါ်နန့်စုရွှေစင်နှင့်မဲဆန္ဒနယ် (၆)မှ ဦးမင်းဟန် တို့ အသီးသီးအနိုင်ရရှိခဲ့ပြီးယနေ့ ပြုလုပ်သည့် ဒုတိယမြို့တော်ဝန်နေရာအတွက် အဆိုပါ ကော်မတီဝင် ၆ ဦးထဲမှ မဲဆန္ဒနယ် (၃)မှ ဦးစိုးလွင်ကမဲအများဆုံးဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-စိုးလွင်(မြို့တော်)