နေပြည်တော် ၈ ဧပြီ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ကော်မတီဆောင် I-20 ၌ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌအမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ကရခိုင်ပြည်နယ် အတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများသည် ရခိုင်ပြည်နယ်အတွက်သာမက ပြည်ထောင်စုတစ်ရပ်လုံး၏ အရေးကြီးသည့် ပဋိပက္ခဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကိုလျော့ကျသွားစေရန် ရခိုင်ပြည်နယ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေး၍ ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာမှ ရရှိလာသည့် အခြေခံအချက်အလက်များ ကိုမူတည်၍ ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုပြည်ထောင်စုအစိုးရသို့ အစီရင်ခံစာရေးသားတင်ပြသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတင်မြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးညီလှငယ်တို့ကရခိုင်ပြည်နယ် အတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအမြန်ဆုံးလျော့ကျ၍ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် စီမံချက် များလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက် အကူပြုကော်မတီဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
(သတင်းစဉ်)


