မဲဆောက် ၉ ဧပြီ
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးထားချက်အရ ယခင်က ဘတ် ၁၀ဝ၀ ကုန်ကျပြီး ဆောင်ရွက်ရသည့် အိမ်ပြန်တုံးကြီး (Re-entry)အစား အခမဲ့အိမ်ပြန်တုံး (Re-entry) စနစ်ကို ဧပြီ ၅ ရက် နံနက်ပိုင်းမှ စတင်ခွင့်ပြုထားရာ နှစ်နိုင်ငံနယ်စပ်ဖြစ်သော မဲဆောက်-မြဝတီ လမ်းကြောင်းရှိ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အပါအဝင် သောင်ရင်း မြစ်ဖြတ် စက်လှေဂိတ်များမှတစ်ဆင့် နေရပ်ပြန်ကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ လေးရက်မြောက်နေ့ဖြစ်သော ဧပြီ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ နေရပ်ပြန်သူဦးရေ ရှစ်သောင်းခန့်ရှိနေပြီဖြစ်ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး(ဆရာမိုး)ထံမှ သိရသည်။
ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံနေရပ်ဒေသအသီးသီးသို့ ပြန်ကြမည့် မဲဆောက်-မြဝတီ လမ်းကြောင်းမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား စောင့်ရှောက်ရေးလုပ်ငန်းစဉ်အတွက် တာ့ခ်ပြည်နယ်မှ ရဲမင်းကြီးနှင့်တကွ တာဝန်ရှိသူများ အပါအဝင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စီမံကွပ်ကဲကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုး (ဆရာမိုး)အပါအဝင် မြန်မာစေတနာ့ဝန်ထမ်းများက နေရပ်ပြန်သူများ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ မဲဆောက်-မြဝတီ လမ်းကြောင်း ဖြစ်သော ချစ်ကြည်ရေးတံတား အပါအဝင် သောင်ရင်းမြစ်ကူးတို့ဆိပ်များဖြစ်သည့် ဘောဂိတ်၊ မိုးကုတ်ဂိတ်၊ ဇီးတောဂိတ်၊ သရက်ပင်ဂိတ်၊ ရေလယ်ကျွန်းရဲဂိတ်၊ ရေလယ်ကျွန်းစစ်တပ်ဂိတ်၊ ကျောက်ဖျာဂိတ်နှင့် ထောင်းဒီးဂိတ်တို့မှတစ်ဆင့် နေရပ်ပြန်သူများမှာ ဧပြီ ၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲကပင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနရုံး၌ စီတန်းများပြားလျက်ရှိကြောင်း (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး(ဆရာမိုး)က ပြောသည်။
သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံနေရပ်ဒေသအသီးသီးသို့ ပြန်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ ထိုင်းနိုင်ငံမှထွက်ခွာသည့် လမ်းကြောင်းအတိုင်း ပြန်လည်ဝင်ရောက်ကြရန် လိုအပ်ပြီး ဧပြီ ၃၀ ရက်မတိုင်မီ လာရာလမ်းကြောင်းအတိုင်း ထိုင်းနိုင်ငံအတွင်း အချိန်မီပြန်လည်ဝင်ရောက်ကြရန် လိုအပ်ကြောင်း သိရသည်။
ထို့အပြင် ဗန်ကောက်-မဲဆောက် လမ်းခရီး၏ အလယ်ဖြစ်သည့် အယုဒ္ဓယမြို့တွင် အခြေပြုကာ နေရပ်ပြန် မြန်မာအလုပ်သမားများ၏ အိမ်ပြန်လမ်းခရီးတွင် လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အလုပ်သမား သံအရာရှိတစ်ဦးကို ထပ်မံတာဝန်ချထားပေးကြောင်း၊ ခွင့်ပြန်မြန်မာအလုပ်သမားများအနေဖြင့် အိမ်ပြန်ခရီးတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက အလုပ်သမားသံအရာရှိများထံ ဖုန်းဆက်သွယ်မှုအပြင် Line ၊ Viber နှင့် အလုပ်သမားသံအရာရှိရုံး၏ Facebook စာမျက်နှာဖြစ်သည့် LA-Thailand Page တို့မှတစ်ဆင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး Call Center ဖုန်းနံပါတ်ကိုယနေ့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် အလုပ်သမားသံအရာရှိရုံး (Call CEnter) Phone ၊ Viber ၊ Line နံပါတ်ဖြစ်သော ဝ၆၂၆၂၆၂၁၄၃ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ ဧပြီ ၈ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။
ပွင့်သစ္စာ


