မုံရွာ ၉ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်တွင် ဒုတိယအကြိမ် ကျင်းပမည့် ချင်းတွင်းသင်္ကြန် ပွဲတော်တွင် လာရောက်ရေကစားကြသူများ အပူရှိန်ခံစားမှုကို လျှော့ချပေးနိုင်ရန်အတွက် ရေပန်းအကြီးအသေး ၁၁ဝ ကျော် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

''ရေကစားတဲ့အချိန်မှာ သောင်ပြင်မှာဆိုတော့ အပူရှိန်များတဲ့အတွက် ရေကစားတဲ့သူတွေ အပူရှိန် သက်သာအောင်လို့ ရေကစားဖို့ သတ်မှတ်ပေးထားတဲ့ အချိန်အတွင်းမှာ ရေပန်းတွေနဲ့ အမြဲတမ်း ဖျန်းပေးထားမယ်၊ ကလေးတွေနဲ့ အမျိုးသမီးတွေအတွက် ရေလွှာလျှောစီးတာ နှစ်ခုပါမယ်၊  ရေကစားတဲ့သူတွေ အပူရှိန် လျှော့အောင်လို့ ရေပန်းတွေ ဖျန်းပေးထားမယ်၊ စားသောက်တန်း တွေမှာလည်း ရေပန်းအသေးတွေ စီစဉ်နေတယ်၊ ချင်းတွင်း သင်္ကြန်ကို လာရောက်ရေကစားကြတဲ့ ပြည်သူတွေ စိတ်ချမ်းသာစေရမယ်လို့ အာမခံပါတယ်'' ဟု ဖျော်ဖြေရေး မဏ္ဍပ်ရှေ့တွင် ရေပန်းများ တပ်ဆင်ရေးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိသော အောင်မြသန်းရေယာဉ်အုပ်စုမှ ဦးမျိုးဝင်းက ပြောသည်။

 

ဒုတိယအကြိမ်ကျင်းပမည့် ချင်းတွင်းသင်္ကြန်တွင် ဖျော်ဖြေရေး မဏ္ဍပ်နေရာတွင် ၆ လက်မ ပိုက်ရေပန်းကြီး (၁၂) ခုကို အောင်မြသန်း ရေယာဉ်အုပ်စုမှလည်းကောင်း၊ စားသောက်ဆိုင်တန်းများနှင့် အဝင်/အထွက် လမ်းများတွင် ၁ လက်မ ရေပန်းလေး ၉ဝ ကျော်အား မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)