ဟိုင်းကြီးကျွန်း ၉ ဧပြီ

 

 

ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာရှိ မော်တင်စွန်းတောင်ခြေ ပင်လယ်ကမ်းစပ်တွင် ကျင်းပမည့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မော်တင်စွန်းဒေသကျေးရွာသူ၊ ကျေးရွာသားများ၏ စုပေါင်းသင်္ကြန်ပွဲတော် အမည်ဖြင့် အမည်ပြောင်းလဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက် မွွန်းလွဲ  ၃ နာရီက ကျင်းပသည့် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်စောနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရခိုင်သင်္ကြန်ကျင်းပရေး ကော်မတီဝင်များ၏ လုပ်ငန်းညှိနိုင်းအစည်းဝေး ဆုံးဖြတ်ချက်များအရ သိရသည်။

 

 

အဆိုပါ သင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော် (ပုသိမ်)ကျင်းပရေး ဗဟိုကော်မတီက ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း၊ ဧပြီ ၁၃ ရက် ညနေ ၅ နာရီတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပြီး ညနေ ၆နာရီတွင် ရခိုင်တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံအတိုင်း နံ့သာသွေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဧပြီ ၁၄ ရက် နံနက် ၇ နာရီအချိန်တွင် မြတ်မော်တင် စေတီတော်ကြီးနှင့် အရံစေတီတော်များ၊ ဗုဒ္ဓရုပ်ပွားတော်များကို နံ့သာရေများဖြင့် ရေသပ္ပါယ်ခြင်းကို ပြုလုပ်ကာ ယင်းနေ့နံနက် ၈ နာရီအချိန်တွင် သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

 

မော်တင်စွန်းဒေသ ကျေးရွာသူ၊ ကျေးရွာသာများ၏ စုပေါင်းသင်္ကြန်ပွဲတော်တွင် ရခိုင်တိုင်းရင်းသား အဆိုတော်များ၊ ဒေသခံတိုင်းရင်းသားများ၏ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကာ ရခိုင်ရိုးရာဓလေ့ ထုံးစံနှင့်အညီ ရေကစားခြင်းများကို ဧပြီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၆ နာရီအချိန်အထိလည်းကောင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)