ရန်ကုန် ၈  ဧပြီ

 

ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ် အနီးရှိ ဆူးလေဘုရား လမ်းမပေါ်တွင် မြန်မာ့ရိုးရာ ဝါးများဖြင့် တပ်ဆင်တည်ဆောက်ထားပြီး သင်္ကြန်ပုံရိပ်ကို ဖော်ညွှန်းမည့် အလှပြဝါးစင်များကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ အလှဆုံးဝါးဖြစ်သည့် ကျိုက်ထိုမြို့မှ ရရှိသည့် ဝါးပိုးမျက်စံကျယ်ဝါးကို အဓိအသုံးပြုပြီး သင်္ကြန်ပုံရိပ်ကို ပေါ်လွင်စေမည့် ဝါးစင်မြင့်စင် (၁၅) ခုကို ဆူးလေဘုရားလမ်း၏ တစ်ဘက်တစ်ချက်တွင် တည်ဆောက်လျက်ရှိသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အားပေးကူညီမှု ခွင့်ပြုချက်ဖြင့် ကြံ့နှစ်ကောင် ဘိလပ်မြေမှ တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်သည်။ အဆိုပါ စင်မြင့်များ၏ အမည်ကို သင်္ကြန်အငွေ့ အသက်ပါသည့် အမည်များပေးထားပြီး ဝါးခမောက်၊ အုန်းလက်၊ ဆန်ကော၊ ပိတောက်ပန်းများကို အလှဆင် ချိတ်ဆွဲထားမည်ဖြစ်သည်။ သင်္ကြန်မောင်မယ်များ အဆိုပါစင်မြင့်တွင် အမှတ်တရ ဓာတ်ပုံရိုက်နိုင်မည်ဖြစ်သည်။

 

ထို့အပြင် ဆူးလေဘုရားလမ်းလည်တွင် ဆူးလေစေတီ မြောက်ဘက်မုခ်အနီးမှ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံရှိ ကုန်းကျော်တံတားအထိ ပေ ၃၀ဝ ကျော်ကို ဝါးထရံ၊ ကျူဖျာဖြင့် အလှဆင် ကာရံပြီး ပိတောက်ပန်းများဖြင့် ဝေဝေဆာဆာထားရှိမည်ဖြစ်သည်။

 

ဆူးလေဘုရားလမ်းရှိ စတုဂံတံတားပေါ်တွင် အလှဆင်ထီးများ မိုးထားပြီး အတာအိုးနှင့် ငွေဖလားပုံစံ တို့ကို ပိတောက်ပန်းများဖြင့် အလှဆင်ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးနိုင် မည်ဖြစ်သည်။

 

ကြံ့နှစ်ကောင်ဘိလပ်မြေမှ စေျးကွက်မန်နေဂျာ ဒေါ်လဲ့လဲ့ဝေက “သင်္ကြန်အထိမ်းအမှတ် ဝါးစင်မြင့်နှင့် အခြားအလှဆင် တည်ဆောက်ခြင်းကို ကျပ်ငွေသိန်း (၇၀ဝ) ကျော် သုံးစွဲပြီး သင်္ကြန်အကြို ဧပြီ ၁၃ ရက်မှ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်အထိ အလှပြထားရှိမှာပါ လာရောက်ကြည့်ရှု လည်ပတ်ကြသူများကို အမှတ်တရ လက်ဆောင်များ ပေးပြီး ယာယီမဏ္ဍပ်တွင် တစ်နေ့လျှင်လူဦးရေ ၅၀ဝ၀ ခန့်ကို သင်္ကြန်အစားအစာများ နေ့စဉ် စတုဒိသာကျွေးမွေးလှူဒါန်းမှာပါ” ဟု ပြောကြားသည်။

 

အလှဆင် ဝါးစင်မြင့်များတွင် ကျိုက်ထိုမြို့မှ ဝါးပိုးမျက်စံကျယ်နှင့် ကျသောင်းဝါး၊ တွံ့တေးမြို့မှ ဝါးပိုးကြီးနှင့် ဖောင်ကြီးမှ ဝါးနက်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ ဝါးစင်မြင့်များကို တာဝန်ယူတည်ဆောက်သည့် မြို့ပြအင်ဂျင်နီယာဘွဲ့ရ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း (ရန်ကုန်တိုင်းဒေသကြီး) ၏ ဒုတိယဥက္ကဋ္ဌ ဦးသက်တင်စိုးက “အလှဆင်ဝါးစင်မြင့်များကို ဝါးအလုံးရေ (၈၀ဝ)ခန့်အသုံးပြုထားပြီး ကျွမ်းကျင်လုပ်သား (၃၀)ဖြင့် တည်ဆောက်နေပါတယ်။ ဗိသုကာပညာရပ်ကို အသုံးပြုပြီး အများပြည်သူ ဝါးအသုံးပြုမှု တွင်ကျယ်လာစေရန် အသိပညာပေး တည်ဆောက်ပါတယ်။ ဝါးစင်မြင့်ရဲ့ အမြင့်မှာ ၁၆ ပေနှင့် ၁၁ ပေ ပတ်လည်ရှိပါတယ် ခိုင်ခန့်ရိုးရှင်းပြီး သင်္ကြန်အမှတ်တရ တွေကို ထည့်သွင်း တည်ဆောက်ပါတယ်” ဟု ပြောကြားသွားသည်။

 

၂၀၁၈ခုနှစ် မဟာသင်္ကြန်ကာလတွင် ကန်တော်ကြီးနှင့် အင်းယားကန်ဘောင်တို့တွင် ကြံ့နှစ်ကောင် ဘိလပ်မြေမှ လိမ္မော်ရောင် ထီးအလတ် တစ်ထောင်စီဖြင့် အလှဆင်ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။

 

အောင်သူရ