ရိခေါ်ဒါရ် ၉ ဧပြီ
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ရှိ အနှေးယာဉ်ဆိုင်ကယ် တက္ကစီများ စည်းကမ်းတကျ ရှိစေရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဧပြီ ၈ ရက်တွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အသိပေး ဟောပြောရာတွင် အနှေးယာဉ် တက္ကစီဆိုင်ကယ်များ ပြေးဆွဲမှု စနစ်တကျ ဖြစ်စေရေးအတွက် အနှေးယာဉ် ဆိုင်ကယ်တက္ကစီ လုပ်သားများမှ လာရောက်တောင်းဆို တင်ပြချက်များအပေါ် လာရောက်ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဒေသတွင် မိသားစု စားဝတ်နေရေးအရ အနှေးယာဉ်ဆိုင်ကယ် တက္ကစီများ ပြေးဆွဲလုပ်ကိုင်နေကြသော ပြည်သူများ အနေဖြင့် တက္ကစီးခနှုန်းထားများ တစ်ပြေးညီ ညီညွတ်မှုရှိစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုက်ညီမှုရှိစေရေးနှင့် အရက်သေစာ မူးယစ်သောက်စားပြီး စက်တပ်ယာဉ်များ မောင်းနှင်ခြင်း မပြုရေးအတွက် စည်းကမ်းရှိရှိ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ဒေသအတွင်း မှုခင်းကျဆင်းရေး ကိစ္စဆောင်ရွက်မှု လုပ်ငန်းများတွင် ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ပြောသည်။
ထို့နောက် ရိခေါ်ဒါရ်နယ်မြေခံစခန်းမှူး ရဲအုပ်တိုးတိုးက မိမိတို့ဒေသသည် နယ်စပ်ဒေသ ဖြစ်သည့်အတွက် လုံခြုံရေးအသိစိတ်ဖြင့် နေထိုင်ကြရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိရှိဖြင့် နေထိုင်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြီး အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးကပ်ဆွင်းခွာလ်နှင့် မြို့စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရန်းကမ်တို့က အနှေးယာဉ်များ စနစ်တကျ ပြေးဆွဲမှုဆိုင်ရာများ ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်း သာယာရေးနှင့် လုံခြုံရေးလုပ်ငန်း ဆိုင်ရာများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အနှေးယာဉ်များ စနစ်တကျ ပြေးဆွဲရေးအတွက် ကယ်ရီငှားရမ်း သုံးစွဲခ ဈေးနှုန်းသတ်မှတ်ရေး တက္ကစီလုပ်သားအဖွဲ့ စနစ်တကျ ဖွဲ့စည်းရေးနှင့် လုပ်ငန်းစည်းကမ်းချက်များ ရေးဆွဲအတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း ရိခေါဒါရ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


