နေပြည်တော်  ၉   ဧပြီ

 

အစိုးရဌာနများအတွင်း အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ ရက်နေ့ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မူးယစ်ဗဟိုမှ ဒုတိယရဲမှူးကြီး ဝင်းမြင့်မှ မူးယစ်ဆေးဝါးရေးဆွဲရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပေးသည်။

 

ထို့နောက် မူးယစ်ဆေးနှင့် ပတ်သက်၍ ထုတ်လုပ်မှုလျှော့ချရေးကဏ္ဍ၊ အစားထိုးဖွံ့ဖြိုးရေး ကဏ္ဍ၊ သုံးစွဲမှုလျှော့ချရေးကဏ္ဍ၊ နောက်ဆက်တွဲအန္တရာယ်လျှော့ချရေးကဏ္ဍ၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးကဏ္ဍနှင့် လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များ နှင့်အညီဖြစ်စေရေး ကဏ္ဍစသည့်တို့နှင့် ပတ်သက်သည့်များကို မူးယစ်ဗဟိုမှ ရဲမှူးကြီး အုပ်စိုးထွန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြပေးသည်။

 

ယင်းနောက် တက်ရောက်လာသူများအား အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုအား ပြသသည်။

 

ဆက်လက်၍ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ နှင့်ပတ်သက်၍ တက်ရောက်လာသော ဧည့်သည်များမှ သိလိုသည်များကို မေးမြန်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးသည်။

 

အခမ်းအနားသို့ နေပြည်တော်အတွင်းရှိတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပရေး ကော်မတီဝင်များနှင့် ဆက်ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

စိုးမိုး(ပြန်/ဆက်)