ယင်းမာပင် ၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင် သင်္ကြန်ကာလ ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကားလက်မှတ်ရောင်းချမှုများတွင် သတ်မှတ်နှုန်းများထက် တိုးမြှင့်ရောင်းချခြင်းရှိ/မရှိကို ခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီခွဲက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့မှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲဆောင်ရွက်လျက်ရှိသော မော်တော်ယာဉ်လိုင်းများမှ ကားလက်မှတ် အရောင်းဌာနများကို စစ်ဆေးဆောင်ရွက်ရာ ကားလက်မှတ်အရောင်း ဌာနများအနေဖြင့် သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန် ကာလအတွင်း ယာဉ်စီးနင်းခအား သတ်မှတ်နှုန်းထက် ပိုမတောင်းရန်၊ မူလဝယ်ထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် မလွဲမှားစေရန်၊ ခရီးစဉ်များအား အချိန်နှင့်တစ်ပြေးညီ ထွက်ခွာနိုင်ရေးနှင့် လက်မှတ်ဝယ်ယူရာတွင် ကြော်ငြာထားသည့်နေ့ရက်၌ အမှန်တကယ်ဝယ်ယူရရှိမှု မရှိခြင်း မဖြစ်စေရန်တို့ကို ယင်းမာပင်မြို့ပေါ်ရှိ ခရီးသည် ပို့ဆောင်ရေး ယာဉ်အသင်းများအား အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့ပေါ်တွင် အနယ်နယ်အရပ်ရပ်သို့ ခရီးသည်ပို့ဆောင်ရေးယာဉ်များအတွက် ကားလက်မှတ်များ ရောင်းချနေသော ကားလက်မှတ်အရောင်းဌာန ၄ ခုရှိကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)



