မကွေး ၉ ဧပြီ
မြို့တွင်းလမ်းများပေါ် လှုပ်ရှားသွားလာကြရင်း အမှိုက်စွန့်ပစ်ရန် လိုအပ်လာသည့်အခါ၌ စည်းကမ်းရှိစွာ စွန့်ပစ်လိုသူများ စည်းကမ်းရှိခွင့် ရစေရန်အတွက် လမ်းမများနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အမှိုက်ပုံးများ ချထားပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
တစ်ပုံးလျှင် ၁၇ ဂါလန်ဆံ့ပြီး အမြင့် ၂ ပေခွဲ၊ အကျယ် ၁ ပေခွဲခန့်ရှိ သံထည်အမှိုက်ပုံးများကို သင်္ကြန်ကာလတွင် စတင်အသုံးပြုမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ပြီးပါက လမ်းမများဘေးနှင့် ဆေးရုံ၊ ဌာနဆိုင်ရာ၊ စာသင်ကျောင်းစသည့် Public Area များတွင် ချထားပေးမည်ဖြစ်ကာ ဟိုက်ဒရောလစ် အမှိုက်သိမ်းယာဉ်ဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် သိမ်းဆည်းပေးသွားမည်ဖြစ်သည်။
“နဂိုက လမ်းပေါ် အမှိုက်ပစ်တဲ့သူက ပစ်တယ်။ စည်ပင်က လှည်းတယ်။ ကျုံးတယ်။ အမှိုက်ကျင်းကို သွားပစ်ရတယ်။ ခုအနေအထားက အမှိုက်မပစ်ရလို့ စည်းကမ်း မထုတ်ခင်မှာ အမှိုက်ပစ်လို့ရတဲ့နေရာ လုပ်ပေးတဲ့သဘော ဖြစ်ပါတယ်။ စည်းကမ်းရှိချင်သူတွေအတွက် စည်းကမ်းရှိလို့ရအောင် ဖန်တီးပေးမှု တစ်ခုလည်း ဖြစ်ပါတယ်” ဟု မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးဖိုးနီက ပြောသည်။
နှမ်းအမှုန့်ထုတ် စက်ရုံပိုင်ရှင် ဦးဖိုးနီနှင့် ကိုရီးယားလုပ်ငန်းရှင်တစ်ဦးက အမှိုက်ပုံး ၈၀၊ စည်ပင်ကော်မတီမှ ၂၀၊ နီနီအီလက်ထရောနစ်မှ ၂၀ နှင့် နှင်းဝေဝေမိသားစုမှ ၁၀ ပုံး၊ စုစုပေါင်း အမှိုက်ပုံး ၁၃၀ အလှူခံရရှိထားပြီး အမှိုက်ပုံးတစ်ပုံးလျင် ၇၀ဝ၀ ကျပ်၊ အလှူရှင်အမည်နှင့် စည်ပင်တံဆိပ်ရေးခ ၅၀ဝ ကျပ်၊ တစ်ပုံးတန်ဖိုး ၇၅၀ဝ ကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လုပ်ငန်းခွင်၌ အမှိုက်သိမ်းကြည့်သည့်အခါတွင် အမှိုက်ပုံးမည်မျှလိုအပ်သည်ကို အတိအကျ သိလာမည်ဖြစ်ပြီး မသမာသူများမှ ယူဆောင်ရောင်းချခြင်းများ ရှိလာပါက ဝယ်ယူခြင်း မပြုစေလိုကြောင်း၊ ဝိုင်းဝန်းကူညီခြင်းဖြင့် သန့်ရှင်းသာယာ လှပသော မြို့တစ်မြို့ဖြစ်အောင် ပါဝင်ကြစေလိုကြောင်း စည်ပင်ကော်မတီဥက္ကဌဦးဖိုးနီက မေတ္တာရပ်ခံပြောကြားသည်။
ဇေယျတု(မကွေး)


