မုံရွာ ၉ ဧပြီ
မုံရွာမြို့တွင်ကျင်းပမည့် (၁၃၈ဝ)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်အလှပြယာဉ် (၂၅)စီးနှင့်သံချပ်အဖွဲ့(၁၁)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြရန် စာရင်းပေးသွင်းထားကြောင်း သင်္ကြန်အလှပြယာဉ်နှင့် သံချပ်ပြိုင်ပွဲ ဗဟိုအကဲဖြတ် ခုံသမာဓိအဖွဲ့မှ သိရသည်။
''အလှပြယာဉ်တွေကို စစ်ဆေးအကဲဖြတ်တာကို ဗဟိုမဏ္ဍပ်မှာ လုပ်မှာဖြစ်တယ်၊ သံချပ်ပြိုင်ပွဲ စစ်ဆေးအကဲဖြတ်တာကိုတော့ လူမှုရေးမဏ္ဍပ်မှာ လုပ်မှာပါ၊ ပြိုင်ပွဲဝင် သံချပ်စာသားများကို ဧပြီလ (၈) ရက်နေ့မှာ အကဲဖြတ် အဖွဲ့ကို အပြီးပေးရမှာပါ၊ သံချပ်စာသားတွေမှာ လူမျိုးရေး၊ ဘာသာရေး၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဆူပူအုံကြွမှုတွေ ဖြစ်စေမည့် အသုံးအနှုန်းတွေပါရင် အမှတ်ပေးမှာ မဟုတ်ပါဘူး၊ အများနဲ့ဆိုင်တဲ့ ပြင်ဆင်စရာ၊ အပြုသဘောဆောင်တဲ့ ထောက်ပြမှုတွေကို စပ်ဆိုတာတွေကို အမှတ်ပေးသွားမှာပါ'' ဟု သင်္ကြန်အလှပြ ယာဉ်နှင့်သံချပ်ပြိုင်ပွဲ ဗဟိုအကဲဖြတ်ခုံသမာဓိ အဖွဲ့ဝင် ဒေါ်ယဉ်ဆွေဝင်း တိုင်းဒေသကြီး ပြန်/ဆက် ဦးစီးမှူး က ပြောသည်။
အလှပြယာဉ်ပြိုင်ပွဲနှင့် သံချပ်ပြိုင်ပွဲတို့တွင် ပထမဆုကို ငွေကျပ် (၁ဝ)သိန်း၊ ဒုတိယဆုကို ငွေကျပ် (၈) သိန်း၊ တတိယဆုကို ငွေကျပ် (၆)သိန်း၊ နှစ်သိမ့်ဆု (၂)ဆုအတွက် တစ်ဆုလျှင် ငွေကျပ် (၅)သိန်းနှုန်းဖြင့် ပေးအပ်ချီးမြင့်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


