မုံရွာ ဧပြီ ၉
ဝါးစိုက်ပျိုးခြင်းကို ယခုနောက်ပိုင်းတွင် ပုဂ္ဂလိက စိုက်စနစ်ဖြင့် စိုက်ပျိုးခြင်းထက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးအတွက် စိုက်ပျိုးသူများပြားလာကြောင်း ဝါးနှင့်သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး အသင်း(မုံရွာ)ဥက္ကဌ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။
''အခုနောက်ပိုင်းမှာ ဝါးပင်တွေကို ပုဂ္ဂလိကစိုက်ပျိုးတာထက် သဘာဝ ပတ်ဝန်းကျင်ထိန်းကို ချစ်တဲ့သူတွေ ပိုပြီးတော့ စိုက်လာကြတယ်၊ မြင်းခြံမြို့မွေးမြူရေး အသင်းက ဆက်သွယ်လာတယ်၊ အဲဒိအတွက် ဝမ်းသာတယ်၊ ဘုတလင်နဲ့ ယင်းမာပင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် အမတ်တွေကလည်း သက်ဆိုင်ရာ မြို့နယ်တွေမှာ စိုက်ပျိုးလာဖို့အတွက် ချိတ်ဆက်တာတွေ ရှိလာတယ်၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်က တစ်ယောက်ဆိုရင်သူ့ရဲ့ ခြံထဲမှာဝါးမျိုးစိတ်မျိုးစုံကို စိုက်ချင်တာ အခုလည်း စိုက်နေတယ်လို့ ပြောတယ်၊ မျှင်ဝါးဖြူမျိုးကိုလည်း စိုက်ချင်တဲ့အတွက် ချိတ်ဆက်တာတွေ ရှိလာတယ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တကယ်စိတ်ဝင်စားတဲ့ သူတွေက ဝါးစိုက်တာကို ပိုပြီးစိတ်ဝင်စားလာကြတယ်လို့ ပြောချင်တယ်၊ ကျွန်တော်တို့ ကတော့ သူတို့စိုက်ချင်တဲ့အတွက် အရင်နှစ်က ဝါးပင်ပေါက်တွေ ပေးတယ် အခုနှစ်မှာတော့ ဝါးမျိုးစေ့တွေကို ဝေငှပေးနေပါတယ်'' ဟု ဝါးနှင့်သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး အသင်း(မုံရွာ) ဥက္ကဌ ဦးသန့်ဇင်က ပြောသည်။
ဝါးပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို စုပ်ယူနိုင်မှု မြင့်မားသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် အများဆုံး အထောက်အကူပြုသည့် အပင်များထဲတွင် ပါဝင်သဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းကို အထူးပြုလုပ် ဆောင်ရွက်လျက်ရှိသော သူများမှ အများဆုံး စိုက်ပျိုးကြခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
ဝင်းဦး(ဇေယျာတိုင်း)


