ပူတာအို     ၉ ဧပြီ     

 

ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်နိုင်ဝင်း ဦးဆောင်၍  ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်ဖြင့် ငှက်ဖျားတိုက်ဖျက်ရေးဌာန ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာများ အတွင်းရှိ ပြည်သူများအား တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယခုလအတွင်း ကွင်းဆင်းဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေရာတွင် ခရိုင်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက ဆေးစိမ်ခြင်ထောင်သည် သက်တမ်း လေးနှစ်ဖြစ်ပါကြောင်း၊ သုံးလလျှင်တစ်ကြိမ် လျှော်ဖွတ်ရမည်ဖြစ်ပါကြောင်း၊ လျှော်ဖွတ်ထားသော ဆေးစိမ်ခြင်ထောင်များအား နေရိပ်ထဲတွင် အခြောက်လှန်းရမှာဖြစ်ကြောင်း၊ မလျှော်ပဲထားလျှင်  မီးခိုးမှိုင်းနှင့် ဖုန်များကပ်လျှင် ဆေးအာနိသင် လျော့လာမည်ဖြစ်ကြောင်း၊ ဆေးစိမ်ခြင်ထောင် အသုံးပြုပုံများနှင့် ဆေးစိမ်ခြင်ထောင်အား စနစ်တကျ အသုံးပြု သုံးစွဲသွားရန် အသိပညာပေး ဟောပြောခဲ့သည်။

 

အဆိုပါ ဆေးစိမ်ခြင်ထောင်များကို ပူတာအိုမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၁၁၃)ရွာ၊ အိမ်ထောင်စုပေါင်း (၉၉၃၀)၊ ဆေးစိမ်ခြင်ထောင် အလုံးရေ (၂၉၂၆၄) နှင့် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်၊ အိမ်ထောင်စုပေါင်း(၁၂၁၃)၊ ဆေးစိမ်ခြင်ထောင် အလုံးရေ(၄၂၇၃)တို့ကို လူနှစ်ဦးလျှင် ဆေးစိမ်ခြင်ထောင် တစ်ထည်နှုန်းဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး ဆေးစိမ်ခြင်ထောင်များကို ပူတာအိုမြို့နယ်အပြင် ပူတာအိုခရိုင် အတွင်းရှိ မြို့နယ်များတွင်လည်း ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)