ရန်ကုန် ၉ ဧပြီ

 

ကချင်ပြည်နယ် ပူတာအိုမြို့ အနီးတစ်ဝိုက်ရှုခင်းများ၊ ဖုန်ကန်ရာဇီတောင်၏ သဘာဝအလှအပ ရှုခင်းများနှင့် သဘာဝသားငှက်တိရစ္ဆာန်များကို သွားရောက်မှတ်တမ်းတင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြသခြင်းနှင့် တောင်တက်အဖွဲ့ဝင် ဓာတ်ပုံဆရာများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှိ The Yangon Gallery ၌ ကျင်းပရာ ဓာတ်ပုံဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

1

 

အဆိုပါခရီးစဉ်တွင် ဝါရင့်ဓာတ်ပုံပညာရှင် ဒေါက်တာမောင်မောင်ကြီးနှင့် ဓာတ်ပုံပညာရှင်များဖြစ်ကြသည့် ဦးစိုးလှိုင်၊ ဦးကျော်ဇောလေးနှင့် ကိုလှိုင်မင်းအောင်တို့ ပါဝင်ပြီး မတ်လ ၂ ရက်နေ့တွင် မန္တလေးမြို့မှ စတင်ခရီးထွက်ခွာခဲ့ရာ ၁၀ ရက်နေ့တွင် ဖုန်ကန်ရာဇီတောင်ထိပ်သို့  တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

 

2

 

အဖွဲ့ခေါင်းဆောင် ဒေါက်တာမောင်မောင်ကြီးက ``ကျွန်တော့်အသက် ၇၂ နှစ်ပြည့်ချိန်မှာ အမှတ်တရခရီးစဉ်အနေနဲ့ ဖုန်ကန်ရာဇီ ရေခဲတောင်ကိုတက်ရောက်ဖို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး စိတ်ကူးရှိခဲ့တယ်။ အသက် ၆၆ နှစ်ပြည့်ချိန်တုန်းကလည်း ကလောကနေ အင်းလေးအထိ နှစ်ညအိပ်ခရီး လမ်းလျှောက်ခဲ့ပါတယ်။ အခုခရီးစဉ်အတွက် လေ့ကျင့်မှုတွေအနေနဲ့ မန္တလေးမြို့ အနီးတစ်ဝိုက်မှာရှိတဲ့ တောင်တွေ၊ ပြင်ဦးလွင်၊နဲ့ ဟိုပုန်းမြို့က ရေတံခွန်တွေကို စမ်းသပ်လေ့ကျင့်တဲ့အနေနဲ့ တက်ရောက်ခဲ့ပါတယ်´´ဟု ပြောသည်။

 

3

 

ဓာတ်ပုံပညာရှင် ကိုလှိုင်မင်းအောင်ကလည်း ``မမျှော်လင့်ဘဲ ခရီးစဉ်က ရာသီဥတု အလွန်ဆိုးရွားခဲ့တာကြောင့် တောင်ခြေက ဇီယာဒန်းရွာကနေ ပုံမှန် ၄ ရက်အစား ၆ ရက်ကြာ သွားခဲ့ရတယ်။ ဒါပေမယ့် သဘာဝရှုခင်းတွေကို ခဲရာခဲဆစ်ရိုက် ကူးနိုင်ခဲ့တဲ့ ပီတိကနေ ယုံကြည်မှုတွေ၊ အတွေ့အကြုံကောင်းတွေနဲ့ စိတ်ဓာတ်ခွန်အားတွေ ရရှိလာခဲ့ပါတယ်´´ဟု ပြောသည်။

 

အခမ်းအနားတွင် တောင်တက်အဖွဲ့ဝင် ဓာတ်ပုံဆရာများက ၎င်းတို့သွားရောက်ခဲ့သည့် ခရီးစဉ်၌ ကြုံတွေ့ရသည့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ၊ ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကာ Nikon Camera Company က တာဝန်ရှိသူများက တောင်တက်အဖွဲ့ဝင် ဓာတ်ပုံဆရာများအား အမှတ်တရဆုတံဆိပ်များ ပေးအပ်ခဲ့သည်။

 

သတင်း-မြတ်စန္ဒီ

ဓာတ်ပုံ-လှမိုး